ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ တက်ရောက်နေရ

RFA Burmese
2023.01.31
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ တက်ရောက်နေရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။
SAI AUNG MAIN / AFP

ဒုတိယသမ္မတ (၂) တာဝန်ထမ်းဆောင်နေသူ ဦးဟင်နရီဗန်ထီးယူဟာ ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်း နေအိမ်မှာ မတော်တဆမချော်လဲတာကြောင့် ဆေးကုသမှုခံယူဖို့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို မနက် ၁၁ နာရီခန့်မှာ ရောက်လာတယ်လို့ ဆေးရုံအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အခု သူနေတဲ့နေရာမှာ ဓာတ်လှေကား မရှိဘူး။ ရိုးရိုးလှေကားပဲ သုံးရတဲ့သဘော။ အဲဒီမှာ ချော်ကျတာ။ ပြုတ်ကျတာပေါ့။ ခေါင်းပေါက်လာတယ်။ မူးတာလည်း နည်းနည်းရှိတယ်။ သီးသန့်အဆောင်မှာ ထားထားရတယ်။ အဲဒီ သီးသန့်အဆောင်ကို လည်း ရဲတွေ လုံခြုံရေးပေးထားတာမျိုးလည်း တွေ့တယ်”

ဦးဟင်နရီဗန်ထီးယူဟာ စစ်အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းကနေပျောက်နေခဲ့ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲခဲ့တဲ့ ရဟတ်ယာဉ် ဝယ်ယူတဲ့ အမှုမှာတော့ နေပြည်တော်က တရားရုံးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ ကာကွယ်ထွက်ဆိုခဲ့ပါတယ်။

သူဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခဲ့တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွေကိုလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ခွင့်တိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အရေးပေါ်ကာလ သက်တမ်း (၂) နှစ် ပြည့်အဖြစ် ဒီနေ့ ပြုလုပ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကိုလည်း ဦးဟင်နရီဗန်ထီးယူ တက်ရောက်နိုင်ခြင်း မရှိပါဘူး။

အသက် ၆၀ နှစ်ကျော် စစ်တပ်အရာရှိဟောင်း ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ NLD ပါတီဝင်ဖြစ်လာပြီး ရွေးကောက်ပွဲမှာ သူ့ရဲ့ဇာတိဖြစ်တဲ့ ထန်တလန်မြို့နယ်ကို ကိုယ်စားပြုတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။