တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး
2017.07.23

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုမှာ မနက်ဖြန်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
ရခိုင်၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ နေပြည်တော် စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မနက်ဖြန်အထိ မိုးကြီးနိုင်ပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာတော့ ဆက်ပြီးမိုးကြီးနိုင်တဲ့ အနေထားရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောပါတယ်။
" ကျန်တဲ့နေရာတွေမှာတော့ မိုးအားနည်းနည်းလျော့သွားပြီးတော့မှ ရခိုင်နဲ့ ချင်းမှာတော့ ဆက်ပြီးတော့ မိုးကြီးနိုင်တဲ့ အနေထားရှိတယ်ပေါ့နော်။ အဓိကကတော့ ဒီမုတ်သုံလေ အားကောင်းနေတဲ့ အနေ ထားလေးတွေရှိတယ်။ နောက်ပြီးတော့ ဘင်္ဂလားပင်လယ်အော်မှာလည်း တိမ်က ထူထပ်နေတယ် ပေါ့နော်။ အဲ့ဒီက တိမ်တိုက်တွေက ဒီနေ့ဆိုရင် မြန်မာနိုင်ငံအနံ့ှပြားကိုပေါ့ တိမ်ထူထပ်နေတဲ့ အနေထားလေးတွေ ရှိတယ်"
လက်ရှိမှာတော့ မွန်၊ ကရင်၊ ရခိုင်၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး လူဦးရေ တစ်သိန်းခန့်က ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေ ကြပါတယ်။
မွန်ပြည်နယ် သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ရေပြန်ကျနေပြီဖြစ်ပေမယ့် လူဦးရေ ၅ ထောင်ကျော်ဟာ ရေဘေး လွတ်ရာတွေကို ပြောင်းရွှေ့နေ ထိုင်နေကြရတယ်လို့ သိရပါတယ်။
ကားလမ်းရေကျော်တာတွေမရှိတော့ပေမယ့် ရေကြီးရေလျှံမှုတွေကြောင့် ကယ်ဆယ်ရေး စခန်းတွေဆက် ဖွင့်ပြီး ဆောင်ရွက်ထားရတာတွေရှိတယ်လို့ မွန်ပြည်နယ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဒုဦးစီးမှူး ဦးငြိမ်းချမ်းကျော် က ပြောပါတယ်။
" ရေကတော့ နည်းနည်းတော့ ပြန်ကျနေပါပြီ၊ အခုကားလမ်းတွေဆိုရင်လည်း ရေကျော်မှုတွေ မရှိတော့ပါဘူး၊ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်ထားတာလည်း ရှိပါတယ်၊ သထုံမှာ လူဦးရေက ၃၂၉၊ နောက်တော့ ကျိုက်ထို လူဦးရေက ၄၁၉၂၊ ဘီလင်းက ၇၀၄ ဦးရှိတယ် ခင်ဗျ၊ ပြောင်းရွှေ့ရတာပါ၊ နိမ့်တဲ့ရပ်ကွက် တွေကျတော့လေ အိမ်တွေပါ မြုပ်တယ်ခင်ဗျ၊ ကျိုက်ထိုတို့ ဘာတို့ဆိုရင် အိမ်တွေဘာတွေ ပါ မြုပ်ပါတယ်၊ အိမ်တစ်ပိုင်းလောက်ထိ မြုပ်တာတွေရှိပါတယ်"
အဲဒီ မြို့နယ် ၃ မြို့နယ်က ရေလွတ်တဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၁၇ ခုလောက် ဖွင့်လှစ်ထားရတယ် လို့လည်း ပြောပါတယ်။
ဒါ့အပြင် မိုးရွာသွန်းမှုများတာကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့က အနိမ့်ပိုင်းရပ်ကွက် ၃ ခုမှာ ရေတွေဝင်ရောက်နေ တဲ့ အတွက် အိမ်ခြေ ၁၀၀ လောက် ကို ရေလွတ်ရာနေရာတွေမှာ ပြောင်းရွှေ့ပေးထားရတယ်လို့ သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီထွေး က ပြောပါတယ်။
အလားတူ တောင်ကုတ်မြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး အမ်းမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက ကားလမ်းပေါ်ရေကျော်နေ တာကြောင့် ကားတွေဆက်သွားလို့ မရဘဲ ယာယီပိတ်မိခဲ့တယ် လို့လည်း သိရပါတယ်။