ဝန်ကြီးချုပ်အမည် အလွဲသုံးစားလုပ်သူကို ဖမ်းဆီး
2017.01.06

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၏အထူးကွန်ယက် အဖွဲ့ခေါင်းဆောင်ဆိုပြီး ဝန်ကြီးချုပ်လက်မှတ် အတုထိုးပြီး လိမ်လည်ထားတဲ့ ဦးဟန်လင်း ဆိုသူကို ငပုတောမြို့နယ် ရဲစခန်းမှာဖမ်းဆီးစစ်ဆေးနေပါတယ်။
ငပုတောမြို့နယ်မှာ တံတားတည်ဆောက်ပေးမယ်ဆိုကာ လိမ်လည်မှုတွေ လုပ်ဆောင်နေတာကို စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။
"ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများရဲ့အထူးကွန်ယက်အဖွဲ့ဆိုပြီးတော့ ကတ်ပြားနဲ့ အမှန်တကယ်တော့ ဝန်ကြီးချုပ် ရဲ့ဆိုင်းကိုလည်း အတုထိုးထားတယ် စာကိုလည်းအတုထုတ်ထားတယ်။ သူက ငပုတောမြို့နယ်မှာ တံတားဆောက်ပေးမယ်တို့ ဘာတို့သွားပြောတာ ဒါအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတာဆိုပြီး လိမ်လည် သွားတာ ငပုတောရဲစခန်းမှာပဲ မနေ့ကဖမ်းပြီးတော့ စစ်ဆေးနေကြတယ်"
ဦးဟန်လင်းဆီကနေ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လက်မှတ်အတုရေးထိုးထားတဲ့ သက်သေခံကတ်ပြား တစ်ခုနဲ့ ရုံးစာအတုတစ်စောင်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
ဦးဟန်လင်းဟာ ငပုတောမြို့နယ်တွင်းမှာ သက္ကယ်သောင် မြစ်ကူးတံတားစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်ဖို့ဆိုပြီး တံတားတည်ဆောက်မယ့် နေရာဓါတ်ပုံလာရောက်ရိုက်ယူတာတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ လက်မှတ်ရယူဖို့တွေ ဆောင်ရွက်နေတာကို စိစစ်တွေ့ရှိရတာ ဖြစ်ပါတယ်။