တမူးမြို့မှာ သေနတ်ပစ်ခတ် မှုကြောင့် လူတစ်ဦးသေဆုံး


2017.05.28
tamuu-home-620.jpg စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မြို့မ ၁၃ ရပ်ကွက်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဦးချစ်ထွေးနေအိမ်ကို တွေ့ရစဉ်
Photo: Myint Zaw

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မြို့မ ၁၃ ရပ်ကွက်မှာ မနေ့ညက သေနတ်နဲ့ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

မေလ ၂၇ ရက် ည ၁၀ နာရီခွဲဝန်းကျင်က မြို့မ ၁၃ ရပ်ကွက် ပြည်တော်သာလမ်းမှာ နေထိုင်တဲ့ ဦးချစ်ထွေးနေအိမ်ကို လက်နက်ကိုင်ဆောင်သူ တစ်စုကာ လာရောက် ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၁ နှစ် အရွယ်ရှိတဲ့ ဦးချစ်ထွေး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူနဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ တမူးမြို့ခံတမူးမြို့ NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောပါတယ်။

"၁၀နာရီခွဲလောက်မှာ လူနှစ်ယောက်က နောက်ဖေးပေါက်ကနေဝင်လာပြီး အိမ်ရှင်ကို တံခါးခေါက်တော့ ဖွင့်ကြည့်လိုက်တော့ ရန်သူမှန်းသိတော့ ပြန်ပိတ်တာပေါ့၊ ပိတ်လိုက်ဖွင့်လိုက် လုနေကြပြီးတော့ သေနတ်ထိုးထည့်ပြီးပစ်သွားတာ သူ့သမီးလေးကိုလည်း မှန်သွားတယ်၊ ကျနော်တို့ တမူးမြို့က ကျီးလန့်စာ စားပေါ့ဗျာ၊ တစ်လအတွင်းဗုံးကွဲလိုက် နှစ်ရက်အတွင်း ၅ လုံးလောက်ကွဲတယ်ဗျာ ၊ အခုဆိုရင် လူသေမှုဖြစ်တယ်ဗျာ၊ ဒါမျိုးတွေမြို့ထဲမှာလာပစ်တာ ကြတော့မကောင်းဘူးလေ၊ နယ်စပ်နဲ့ ဆိုရင် တော်တော်လှမ်းတယ်၊ ဒီနန့်ဖာလုံရဲကင်းကို ကျော်လာပြီးတော့မှပစ်တာလေ ကျနော်တို့က လုံခြုံမှုနည်းတာပေါ့ဗျာ၊ လုံခြုံမှုအားနည်းတယ်ပြောရမှာပေါ့"

သေဆုံးသူခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ရှစ်ချက်ပစ်ခတ်ခံရတယ်လို့ တမူးမြို့မ ရဲစခန်းက စစ်ဆေးတွေ့ရှိခဲ့ ပြီး သေဆုံးသူရဲ့ နေအိမ်မှာတော့ ကျည်ခွံ ၆ ခွံ ကို တွေ့ရှိခဲ့တယ်လို့ ဖြစ်စဉ်ဖြစ်ပြီးမှာ သွားရောက် ကြည့်ရှုခဲ့တဲ့ မြို့ခံ NLD ဥက္ကဋ္ဌ ဦးမြင့်ဇော် ကပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို တမူးမြို့ဆေးရုံမှာ လက်ရှိ ဆေးကုသနေပြီး သမီးဖြစ်သူရဲ့ ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တမူးမြို့မရဲစခန်းက ပနံပါတ် ၆၈ /၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ၊၃၀၇ တို့နဲ့ အမှုဖွင့်ထားပြီး ပစ်ခတ်သွားသူတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။