နည်းပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းတွေ ဆွေးနွေး ဖို့ ကျောင်းသားတွေ တောင်းဆို


2016.10.04
gtc-students-union-620.jpg သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး နည်းပညာတက္ကသိုလ် ၇ ခုက သမဂ္ဂအဖွဲ့ဝင်တွေ နေပြည်တော် YKKO စားသောက်ဆိုင် မှာ အောက်တိုဘာလ ၄ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Win Ko Ko Latt/RFA

နည်းပညာတက္ကသိုလ်တွေမှာ သင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီ၊ ဆရာများသမဂ္ဂတို့နဲ့ လာမယ့် ဒီဇင်ဘာလမှာ တွေ့ ဆုံဆွေးနွေးလိုတယ်လို့ နည်းပညာတက္ကသိုလ် ၇ ခုက သမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၁၀ ဦးကျော်က ဒီနေ့ ပြောပါတယ်။

နည်းပညာတက္ကသိုလ် ၇ ခုက သမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၁၀ ဦးကျော်ဟာ ဒီကနေ့ နေပြည်တော် သပြေကုန်းဈေးက YKKO စားသောက်ဆိုင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့တာဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်တွေမှာ အရင်က BE တန်းအတွက် ၁ နှစ်သာ သင်ရပေမယ့် ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်မှာစတင်မယ့် BE တန်းအတွက်၂ နှစ်သင်ရမှာဖြစ်ပါတယ်။ စာသင်နှစ်တစ်နှစ် တိုးလာတဲ့အတွက် စာတွေ့ လက်တွေ့ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေကို ချပြဖို့ ဆွေးနွေးလိုတယ်လို့ သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဆရာ ဆရာမတွေကို မွမ်းမံသင်တန်းပေးဖို့၊ ဆရာ၊ ဆရာမတွေက သင်ရိုးညွန်းတမ်းတွေနဲ့ ရင်းနှီးမှု နည်းတာ၊ ကျောင်းသားတွေ ဆရာ ဆရာမတွေ စနစ်သစ်မှာကြုံရမယ့် အခက်အခဲတွေကို လေးပွင့်ဆိုင် ဆွေးနွေး လိုတာဖြစ်တယ်လို့လည်း ကျောင်းသားတွေက ပြောပါတယ်။

နည်းပညာတက္ကသိုလ်ကျောင်းပေါင်း ၂၉ ကျောင်းရှိပြီး သတင်းစာရှင်းလင်းပွဲကို ရန်ကုန်၊ ပြည်၊ လားရှိုး၊ မုံရွာစတဲ့ နည်းပညာတက္ကသိုလ် ၇ ခုက ကျောင်းသား၊ ကျောင်းသူတွေက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။