ရေဘေးအတွက် ငွေကျပ်သန်း ၈၀၀ သုံးစွဲပြီး


2016.09.02
mdy-flooding-620.jpg ရေကြီးနေတဲ့ မန္တလေးမြို့က ရပ်ကွက်တစ်ခုကို သြဂုတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Hset Paing Toe/ RFA
ရေဘေးဒဏ်ခံခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုအတွက် ငွေကျပ်သန်းပေါင်း ၈၀၀ နီးပါး ထောက်ပံ့ပေး ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ပြောပါတယ်။

စားနပ်ရိက္ခာတွေ၊ ပျက်စီးသွားတဲ့အိမ်တွေအတွက် အိမ်ဆောက်ပစ္စည်းဖိုးတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေ နဲ့ သေဆုံးခဲ့သူတွေအတွက် ထောက်ပံ့ကြေးတွေ ပါဝင်တယ်လို့ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"အစ်မတို့ ဝန်ကြီးဌာနက ထောက်ပံ့တာဆို ကျပ်သန်းပေါင်း ၇၈၈.၄၉ ကျော်၊ စားနပ်ရိက္ခာပါတယ်၊ အိမ်ဆောက်ပစ္စည်းဖိုးပါတယ်၊ အခုရေဘေးမှာက ပျက်စီးသွားတဲ့အိမ်က နည်းတော့နည်းတယ်၊ ၃၀၀ ကျော်လောက်ဆိုတော့လေ၊ အဲ့လိုပျက်စီးသွားတဲ့အိမ်ဆို ၅ သောင်းနှုန်းနဲ့ပေးတာ၊ နောက်သေ ဆုံးတဲ့သူတွေအတွက်ပါတယ်၊ ကယ်ဆယ်ရေးပစ္စည်းတွေပေါ့ အကုန်လုံးပါတယ်"

ရေဘေးကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၁ ဦးရှိခဲ့ပြီး တစ်ဦးကို ၁ သိန်းနှုန်းနဲ့ ထောက်ပံ့ပေးခဲ့တယ်လို့ လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းကနေ သြဂုတ်လကုန်ပိုင်းအထိ ရေဘေးဒဏ်ခံခဲ့ရတဲ့ တိုင်းနဲ့ပြည်နယ်တွေစာရင်းမှာ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင်၊ ရှမ်း၊ ချင်း၊ ကချင်နဲ့ နေပြည်တော်တို့ ပါဝင် တာ ဖြစ်ပါတယ်။

အဲ့ဒီတိုင်းနဲ့ ပြည်နယ်တွေမှာ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၈၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

မိုးကြီးပြီး မြစ်ရေကြီးတာတွေကြောင့် အိမ်ထောင်စု ၁ သိန်း ၂ သောင်းကျော်၊ လူဦးရေ ၄ သိန်း ၉ သောင်းကျော် ဟာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး နဲ့ ဧရာဝတီ စတဲ့တိုင်းဒေသကြီးတွေ မှာ ရေဘေးကြောင့် ပြောင်းရွှေ့ရသူ အများဆုံးဖြစ်ပါတယ်။

လက်ရှိမှာ ရေဘေးဒဏ်ခံခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ က ရေဘေးနောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။