အပစ်ရပ် သဘောတူညီချက် အစိုးရဘက်က ချိုးဖောက်ကြောင်း SSPP/SSA အဖွဲ့ပြောဆို

မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့ရဲ့ ဗဟိုဌာနချုပ် အနီးတဝိုက်မှာ အစိုးရတပ်တွေက နေရာယူ တပ်စွဲထားပြီး အပစ်ရပ် သဘောတူညီမှုကိုလည်း အစိုးရဘက်က မလိုက်နာကြောင်း SSPP/SSA အဖွဲ့က ပြောပါတယ်။

2012.08.19
sspp-ssa-48th-anni-parade-b305 ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
Photo courtesy of SSPP/SSA

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA အဖွဲ့ရဲ့ ဝမ့်ဟိုင်းဌာနချုပ် အနီးမှာ မြန်မာအစိုးတပ်ရင်း ၁၀ ရင်းလောက် တပ်စွဲထားတဲ့ အကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။

"နမ့်ပုတ်၊ လွယ်ပုံ၊ လွယ်ကြမ်းမှာ တပ်စွဲထားတာ ပြီးတော့ ကျနော်တို့ ပန်ဝေါထဲမှာရှိတယ်။ ဇွန် ၁၇ ရက်ကနေ ဇူလိုင် ၄ ရက်နေ့အထိ မိုင်းရှုးမြို့နယ် မိုင်းအွန် အနီးနားပတ်ဝန်းကျင်မှာလည်း တပ်လာစွဲထားတယ်။ နောက်မနေ့တနေ့က အမြဲတမ်းနေနေတဲ့ မိုင်းရှုးမြို့နယ်ထဲကပဲ ခိုင်းပါ၊ ခနောက်စိမ်း၊ အနားက  ကူတို့ဆိပ်မှာ နေရာယူထားတဲ့ကျနော်တို့တပ်ကို ဖယ်ခိုင်းတာ ခြိမ်းခြောက်တဲ့သဘောမျိုးပေါ့။ ကျနော်တို့ ဌာနချုပ် ဝင်လမ်းထွက်လမ်းတွေ သွားနိုင်တဲ့ အဓိကလမ်းတွေကို သူတို့က ပိတ်ဆို့ထားချင်တဲ့ အနေအထားမျိုးပေါ့။"

ဌာနချုပ်ဝန်းကျင် ကျေးသီးနဲ့ သီပေါနယ်မှာ ခမရ ၅၁၃၊ ခမရ ၂၄၇၊ ခမရ ၁၃၁ နဲ့ တန့်ယန်း အခြေစိုက် ခလရ ၂၂ တပ်တွေ တပ်စွဲထားပါတယ်။ မိုင်းရှုးမှာဆိုရင် ခမရ ၅၁၆ နဲ့ ၅၁၇ တပ်တွေအပြင် အရှေ့မြောက်ပိုင်းတိုင်းက တပ်တွေ တပ်စွဲထားတယ်လို့ ပြောပါတယ်။ အခုလို တပ်တွေ အများကြီးချထားတဲ့ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးပေမဲ့ အပစ်ရပ် သဘောတူပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၃၀ ကျော်ရှိခဲ့ကြောင်း ပြောဆိုပါတယ်။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးထားတဲ့အတိုင်း လိုက်နာပေမဲ့ မြန်မာ အစိုးရတပ်ဘက်က လိုက်နာမှု မရှိတဲ့အကြောင်း ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

"ကျနော်တို့တော့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးနေတာပဲ။ အဲဒီသဘောတူထားတဲ့ အချက်တွေဆိုရင် ကျနော်တို့တပ်တွေ ရောက်ရှိတဲ့နေရာမှာ ယာယီနေထိုင်ဖို့ သဘောတူထားတယ်လေ။ ဒါပေမဲ့ အခုက ကျနော်တို့တပ်တွေကို ဟိုမသွားရ ဒီမနေရနဲ့ ဟိုမှာရွှေ့ပါ ဒီမှာရွှေ့ပါနဲ့ လုပ်နေတာလေ။ အဲဒါ သဘောတူညီချက် လက်မှတ်ထိုးထားတာနဲ့ သူတို့လုပ်ရပ်တွေက တခြားစီ ဖြစ်နေတာ တွေ့ရတယ်လေ။ ကျနော်တို့ မနှစ်က မတ်လ ကနေစပီး ကျနော်တို့ စခန်းတွေ ၁၀ ခုလောက် ဖယ်ပေးရတယ်။ အခု လက်မှတ်ထိုးပြီး နောက်ပိုင်း ၇ မိုင်စခန်းနဲ့ မိုင်းအွန်နားက စခန်းတွေ အဲဒါရွှေ့ပေးရတယ်လေ။"

SSPP/SSA အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။