အစိုးရထုတ်ပြန်ချက် အဖြစ်မှန်နဲ့ကွဲလွဲနေတယ် လို့ ကေအိုင်အို ပြောကြား


2014.11.21
kio-dead-305 အစိုးရတပ်ရဲ့ လက်နက်ကြီးကျည်ထိမှန်ကြီး သေဆုံးသွား သူတွေရဲ့ ရုပ်အလောင်းကို တွေ့ရစဉ်
Photo: Jade Land Kachin

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က အစိုးရစစ်တပ်က KIA သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က ရှင်းလင်းချက်ဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေပြီး ထုတ်ပြန်ချက်ပါ စာသားတွေ အရ ညှိနှိုင်းဆွေးနွေးလိုတဲ့ သဘောထားမရှိတာ ကို တွေ့ရတယ်လို့  KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးလာနန်းက  RFA ကိုပြောပါတယ်။

အစိုးရထုတ်ပြန်တဲ့ ကြေညာချက် နောက်ဆုံးအပိုဒ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ခြိမ်းခြောက်တဲ့ စာသားတွေပါဝင်နေတယ်လို့ ဦးလာနန်းက ပြောပါတယ်။

"ထုတ်ပြန်ကြေညာချက်ထဲမှာတော့ နောက်ဆုံးစာ တမ်း မှာ ထည့်ထားတာတစ်ခု ကတော့ နှောင့် ယှက်တိုက်ခိုက်မှှုများ ထပ်မံပြုလုပ်ခြင်းများ မရှိစေရေးအတွက် သတိပေး အကြောင်းကြားထား ပြီးဖြစ်ကြောင်း ဆိုတဲ့ဝေါဟာရဟာ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးကို အမိန့်ပေးတဲ့ပုံစံ၊ လုံးဝလာမထိနဲ့ဆိုတဲ့ ပုံစံ နောက်နောင်ဒီလိုပုံစံ ဆက်ပြီးဖြစ်လာနိုင် တယ်၊ လက်နက်ကြီးတွေနဲ့ ထပ်ပြီးတော့ပစ်ပါ့မယ်ဆိုတဲ့ သတိပေးတာမျိုးပါတယ်၊ တင်းမာတဲ့ပုံစံနဲ့ ဒီထုတ်ပြန်ကြေညာချက် ထုတ်တဲ့အပေါ်မှာတော့ ဘယ်လိုမှ ကျေနပ်စရာအကြောင်းရင်းမရှိဘူး၊ ဒါဟာ ညှိနှှိုင်းဆွေးနွေးလိုတဲ့ ဆန္ဒမဟုတ်ပဲနဲ့ အမြစ်ပြတ်ချေမှှုန်းမယ်ဆိုတဲ့ အဓိပ္ပါယ်သဘောဆောင်တယ်လို့ မှတ်ယူရမယ်"

ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြချက်အရ လမ်းဖေါက်တဲ့ စစ်သည်တွေကို KIA က လက်နက်ကြီးနဲ့ တိုက်ခိုက်တာကြောင့် လုံခြုံရေး လိုက်ပါလာတဲ့စစ်ကြောင်းက တုန့်ပြန်ပစ်ခတ်တဲ့အတွက် ထိခိုက်ဒါဏ်ရာရတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် KIO အဖွဲ့က ပြောဆိုရာမှာတော့ အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ ဗိုလ်သင်တန်းကျောင်း အထက် နှစ်မိုင်ခန့်အကွာ ခရာဘွမ်တောင်ကုန်းပေါ်ကနေ ပစ်ခတ်တာဖြစ်ပြီး အစိုးရတပ်တွေနဲ့ KIA ရှေ့တန်းစခန်း တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ လက်နက်ကြီးကျည်ထိမှန်တဲ့ ဗိုလ်သင်တန်းကျောင်းနဲ့ မိုင်၂၀ကျော်ဝေးတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မူကြောင့် သင်တန်းကျောင်း စစ်ရေးပြကွင်းမှာ လေ့ကျင့်နေတဲ့ သင်တန်းသား ၂၃ ဦးသေဆုံးပြီး ၂၀ကျော် ဒါဏ်ရာရရှိပါတယ်။  သေဆုံးသူတွေကို ဒီကနေ့ မနက်ပိုင်းက လိုင်ဇာမြို့မှာ စစ်အခမ်းအနားနဲ့ သြင်္ဂိုဟ်လိုက်ပြီလို့ သိရပါတယ်။

KIO ပြန်ကြားရေးတာဝန်ခံ ဦးလာနန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။