အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး

ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံပိုင် သတင်းစာများ ရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ် ပွဲမှာ သတင်းအရ တန်ဖိုးရှိတဲ့ သတင်းတွေ အလေးပေးဖော်ပြဖို့ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင် စာတမ်းတင်သွင်း ခဲ့တဲ့ ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဟိန်းလတ်က RFA ကိုပြောပါတယ်။

2012.06.27
kyaw-san-0627-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံပိုင် သတင်းစာများ၏ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ်ပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း အမှာစကားပြောကြားနေစဉ်။
Photo: ministry of information.gov.mm

"နိုင်ငံပိုင်မီဒီယာတွေမှာ ဥပမာ ပြည်ထောင်စုဝန်ကြီးတွေ ဟိုသွား ဒီသွား၊ သွားလာတာကို မျက်နှာဖုံးကြီးမှာ ဖော်ပြနေမဲ့အစား၊ သတင်းတန်ဖိုးကိုပဲ ကြည့်ပြီးထည့်ရမယ်။ ဥပမာ သမ္မတကြီးက သံအမတ်တွေနဲ့ လက်ခံတွေ့ဆုံပြီး သံအမတ်ခန့်အပ်လွှာ ပေးတာတောင် မျက်နှာဖုံးမှာ ဓာတ်ပုံအကြီးကြီးနဲ့ သတင်းထည့်တာဟာ ဒါသတင်းမဟုတ်ဘူး။ အဲတာမျိုးတွေ မထည့်နဲ့။ တကဲ့ သတင်းဖြစ်ရင် ဖြစ်တဲ့ဥစ္စာပဲထည့် အဲတာမျိုး၊ နောက်ခုနက စာအရေးအသားတွေမှာ သတင်းဆန်ဆန် တိုတိုနဲ့ရှင်းရှင်း ပြည်သူတွေနားလည်အောင်ရေးဖို့ သတင်းဖြစ်မဲ့ ဥစ္စာတွေအားလုံးကို ဦးစားပေးထည့်ဖို့၊ တနေ့ကျရင် ပုဂ္ဂလိက သတင်းစာတွေ ပေါ်လာရင် ပုဂ္ဂလိက သတင်းစာတွေနဲ့ ပြိုင်ရတဲ့အခါမှာ သိက္ခာရှိတဲ့၊ သြဇာရှိတဲ့ သတင်းစာပေါ့နော်၊ ဒါမျိုးတွေ အားလုံး ဝိုင်းဆွေးနွေးကြပါတယ်"

ဒီစာတမ်းဖတ်ပွဲဟာ နိုင်ငံပိုင်မီဒီယာတွေရဲ့ လက်ရှိအနေအထားနဲ့ ပြောင်းလဲလုပ်ဆောင်သင့်တဲ့ လုပ်ငန်းတွေကို အကြံပြုဖို့ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကလည်း အခမ်းအနားမှာ ပြောသွားပါတယ်။

စာတမ်းဖတ်ပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက ဦးစီးကျင်းပတာဖြစ်ပြီး ကြေးမုံသတင်းစာတိုက် စာတည်းမှူးချုပ် ဦးခင်မောင်ကျော်ဒင်၊ တက္ကသိုလ်မြတ်သူ၊ ဦးရဲတင့်၊ ဦးရဲနိုင်မိုး၊ ဦးရဲမြင့်ဖေတို့ကလည်း စာတမ်းတွေ တင်သွင်းခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။