နိုင်ငံရေးပင်စင် ဗဟိုအစိုးရ အဖွဲ့ဝင်တွေပါ ခံစားရမည်
2015.12.21

နိုင်ငံရေးပင်စင်လို့ခေါ်နိုင်တဲ့ တလုံးတခဲတည်းချီးမြှင့်ငွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေတင် မဟုတ်ဘဲ ၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေပါ ရယူခံစားကြတာလို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ပြောကြားခဲ့တာဖြစ်ပါတယ်။
"အခုလည်းဒီကိစ္စကို စာပေးနိုင်ဖို့ သက်ဆိုင်ရာဌာနက ပုံစံတွေပေးပို့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မိမိနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ ဖြည့်ဆည်းပေးဖို့ တောင်းခံဆောင်ရွက်နေတာက ဒီလိုဝေဖန်ပြော ဆိုမှုတွေနဲ့ ရှင်းလင်းရတဲ့ အခြေအနေပေါ်လာတာလို့ ယူဆပါတယ်၊ နောက်ဆုံးရှင်းလင်းချင်တာက လွှတ်တော် ကိုယ်စားလှယ်တွေပဲ မဟုတ်ပါဘူး နိုင်ငံတော်မှာ ပြီးခဲ့တဲ့ငါးနှစ်ကာလအတွင်း အဆင့်ဆင့်တာဝန်ထမ်းဆောင် ခဲ့ကြပြီး တင်ပြခဲ့တဲ့ဥပဒေများမှာ အကျုံးဝင်တဲ့ပုဂ္ဂိုလ်အားလုံး ခံစားခွင့်ရရှိတာဖြစ်ပါကြောင်း လွှတ်တော်အပိုင်းက ရှင်းလင်းသင့်တဲ့ အခြေအနေကို တင်ပြခြင်းဖြစ်ပါတယ်"
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် ၅ နှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ၊ ဒုတိယသမ္မတတွေ ၊ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီးကိုယ်စားလှယ်တွေဟာ လက်ရှိရရှိနေတဲ့ လစာချီးမြှင့်ငွေကို တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်နှစ်နဲ့ မြှောက်ပြီး ရရှိလာတဲ့ပမာဏကို နိုင်ငံရေးပင်စင် ချီးမြှင့်ငွေအဖြစ် ပေးအပ် မှာဖြစ်ပါ တယ်။
တစ်လချီးမြှင့်ငွေ သိန်း ၃၀ ခံစားရတဲ့ ဝန်ကြီးတစ်ဦးဟာ သိန်း ၁၅၀၊ တစ်လ ၂၅ သိန်းခံစားခွင့်ရ ဒုဝန်ကြီးတစ်ဦး ဟာ ၇၅ သိန်း၊ တစ်လ ၁၀ သိန်းခံစားခွင့်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ သိန်း ၅၀ တစ်လုံးတစ်ခဲတည်းရရှိ မှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အဆောင်အယောာင်များ ဥပဒေအရ ချီးမြှင့်တာဖြစ်ပြီး အဲဒီထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မပါဝင်ဘူးလို့ သိရပါတယ်။