ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ ဝအဖွဲ့ကို အစိုးရဖိတ်ကြား


2015.12.22
wa-soldiers-620 "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: (AFP)

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ကို မြန်မာအစိုးရက ဖိတ်ကြားလိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နဲ့အဖွဲ့ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က၊ ရှမ်းပြည်နယ် အထူးဒေသ (၂) UWSA အဖွဲ့ရှိတဲ့ ပန်ဆန်းကို သွားရောက်ခဲ့ပြီးတဲ့နောက် UWSA အဖွဲ့ ဒုဥက္ကဌ ရှောက်မင်လျန်ကို ပြောဆိုဖိတ်ကြားခဲ့တာလို့ဆိုပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးဖို့ တိုင်းရင်းသားအဖွဲ့တွေအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း ပြောတယ်လို့ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

အစိုးရနဲ့တပ်မတော်၊ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့နဲ့ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်ဆိုပြီး၊ တဘက်ကို ကိုယ်စားလှယ် ၁၆ ဦးနဲ့ ၃ ဘက်အတွက် စုစုပေါင်း ၄၈ ဦးပါတဲ့ ကော်မတီက နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး မူဘောင်တစ်ခုကိုရေးဆွဲပြီး သမ္မတဦးသိန်းစိန် အတည်ပြုခဲ့ပြီးတဲ့နောက် အဲဒီမူဘောင်အရ တစ်နိုင်ငံလုံးအသွင်ဆောင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ အစိုးရကကြေညာထားတာဖြစ်ပါတယ်။

ဒါ့အပြင် အပစ်ရပ်လက်မှတ်ထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ၆ ဖွဲ့ကိုလည်း အဲဒီ နိုင်ငံရေးဆွေးနွေးပွဲကို ဖိတ်ကြားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။