နောက်ကြောင်းပြန်ဆုတ်အောင် အစိုးရလုပ်နေတယ်- (UNFC)
2014.10.23

သမ္မတ ဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးဖို့ ဆောင်ရွက်နေတယ်ဆိုပေမယ့် လက်တွေ့အကောင်အထည်ဖေါ်ရာမှာ တန်းတူခြင်း၊ တရားမျှတခြင်းမရှိတဲ့အပြင် နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော် မှာ ကန့်ကွက်တာတွေဟာ နောက်ကြောင်းပြန် ဆုတ် ချင်တဲ့ အနေအထားတွေဖြစ်တယ်လို့ UNFC တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောပါတယ်။
"ဒီသတင်းမှာက တခြားနိုင်ငံရေးပါ တီတွေ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD ပါတီတွေကနေပြီးတော့ ပြည်သူလူထုတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကို ကြိုးစားနေကြတာကိုး၊ လွှတ်တော်ပြင်ပကလည်း လူငှားသလို၊ လွှတ်တော် အတွင်းကိုလည်း လက်မှတ်တွေရေးထိုးပြီးပေးပို့တော့ လွှတ်တော် အတွင်းကနေပြီးတော့ လုံးဝမပြင်တော့ဘူးဆိုပြီးတော့ ဆုံးဖြတ်ချက်တွေ ထွက်လာတယ် ကြားတော့ စိတ်မကောင်းစရာပေါ့၊ သို့သော်လည်းပဲ အဲ့ဒီလို လုံးဝမပြင်တော့ပဲနဲ့ အဲ့ဒီလိုပုံစံကြီးအတိုင်းသွားနေရင် အပစ်အခတ် ရပ်စဲရေးပြီးရင်တောင်မှ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲတွေ သွားရမယ်ဆိုတော့ အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေ မပြီးမပြတ်ဖြစ်သွားမှာကို စိုးရိမ်တယ်"
အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ထိုင်းမြန်မာနယ်စပ်မှာ ကျင်းပခဲ့တဲ့ UNFC မျက်နှာစုံညီ အစည်းအဝေးအပြီးမှာ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အစိုးရတပ်မတော်က ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ စစ်ဆင်ရေးတွေရှိနေဆဲဖြစ်တာကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှုရှိ၊ မရှိ သံသယဖြစ်လာနေရကြောင်းလည်း အဲ့ဒီကြေညာချက် မှာ ဖော်ပြပါရှိပါတယ်။
အဲ့ဒီကြေညာချက်နဲ့ပတ်သက်လို့ UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။