အထင်ကရ ရွှေလုပ်ငန်းရှင်တချို့ကို အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

RFA Burmese
2024.06.02
အထင်ကရ ရွှေလုပ်ငန်းရှင်တချို့ကို အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန် ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရောင်းဝယ်နေသည့် မြင်ကွင်း။
Photo: Reuters

ပြည်တွင်းရွှေစျေးကွက်အတွင်း စျေးနှုန်းမတည်မငြိမ်ဖြစ်အောင်လုပ်တဲ့ ရွှေဆိုင်လုပ်ငန်းရှင်တွေနဲ့ ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်တွင်းရွှေစျေးကွက်တွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် လေပတ်ကားရွှေစျေးနှုန်းနဲ့ ရွှေရောင်းဝယ်ဖောက်ကားနေတာကြောင့် ဖမ်းဆီးစစ်ဆေးနေတာလို့ ကြေညာထားပါတယ်။

ဖမ်းဆီးစစ်ဆေးခံရသူတွေရဲ့ ပြောဆိုချက်အရ ရွှေစျေးမတည်ငြိမ်အောင် ပြုလုပ်နေတဲ့ နောက်ကွယ်ကဆောင်ရွက်နေတယ်ဆိုတဲ့အထဲမှာ အောင်သမာဓိရွှေဆိုင်၊ အကယ်ဒမီရွှေသန့်စင်လုပ်ငန်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်တို့က ပိုင်ရှင်တွေအပါအဝင် ရွှေလုပ်ငန်းရှင် ၁၀ ဦးပါဝင်ပြီး သူတို့ကို ဖမ်းဆီးနိုင်ရေး စစ်ကောင်စီက ဆောက်ရွက်နေတယ်လို့ဆိုပါတယ်။

မေလကုန်မှာ ပြည်တွင်းရွှေစျေးကွက်အတွင်း အခေါက်ရွှေစျေးနှုန်း ကျပ် ၅၉ သိန်းအထိ ရောက်ရှိခဲ့ပြီး ရွှေစျေးမတည်မငြိမ်မှုနဲ့ ရွှေလုပ်ငန်းရှင်တွေနဲ့ ပွဲစားတွေကို စစ်ဆေးဖမ်းဆီးတာတွေကို အခုလို စစ်ကောင်စီက လုပ်လာတာပါ။

စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေဟာ နာမည်ကျော်ရွှေဆိုင်လုပ်ငန်းရှင်တွေဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် လုပ်ငန်းတွေကို ချိပ်ပိတ်ထားတယ်လို့လည်း ရွှေလုပ်ငန်းအသိုင်းအဝိုင်းက သတင်းတွေထွက်ပေါ်နေပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဝရမ်းအထုတ်ခံရတဲ့ ရွှေလုပ်ငန်းတွေကို RFA က ဆက်သွယ်နေပေမဲ့ အဆက်အသွယ် မရသေးပါဘူး။ လုပ်ငန်းတွေကို ချိပ်ပိတ်ထားတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ ရွှေဆိုင်လုပ်ငန်းရှင်တွေ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သတင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကို တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုနိုင်ခွင့်မရှိတဲ့အကြောင်း ဖြေကြားပါတယ်။

စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ထားတဲ့ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးရရှိနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံကို အကြောင်းကြားဖို့ကိုလည်း စစ်ကောင်စီက ကြေညာထားပါတယ်။ ဒါ့အပြင် ဖမ်းဆီးရမိထားသူ ၂၁ ဦးကိုလည်း ဥပဒေနဲ့အညီ ထိရောက်စွာဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။