စံချိန်တင်မြင့်တက်ခဲ့တဲ့ ရွှေဈေးနဲ့ ဒေါ်လာဈေး သိသိသာသာပြန်ကျ

2021.10.27
စံချိန်တင်မြင့်တက်ခဲ့တဲ့ ရွှေဈေးနဲ့ ဒေါ်လာဈေး သိသိသာသာပြန်ကျ ရွှေလက်ကောက်တွေကို ရန်ကုန်မြို့က အရောင်းဆိုင်တစ်ဆိုင်မှာ တွေ့ရစဥ်
AFP Photo

စက်တင်ဘာလကုန်ပိုင်းမှာ စံချိန်တင်မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဒီရက်ပိုင်းမှာ သိသိသာသာ ကျဆင်းလာပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂,၀၁၀,၀၀၀ ကျပ်အထိ ရှိခဲ့ပေမယ့် အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ စာရင်းအရ ၁,၇၁၀,၀၀၀ ကျပ်အထိ ကျဆင်းသွားပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ရက်နေ့ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာ ၂၃၀၀ ဝန်းကျင်ရှိခဲ့တဲ့ အမေရိကန် ဒေါ်လာဟာလည်း ဒီနေ့မှာ ၁၈၅၀ ကျပ် ဝန်းကျင်အထိ ပြန်ဆင်းလာတယ်လို့ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာဈေးတက်တာကို ထိန်းချုပ်နိုင်ဖို့ ဖေဖော်ဝါရီလကစပြီး လတိုင်းနီးပါး ဒေါ်လာတွေ ထုတ်ရောင်းနေတာဟာ အောက်တိုဘာလထုတ်ရောင်းတဲ့ သုံးကြိမ်မှာတင် ကန်ဒေါ်လာ စုစုပေါင်း သန်း ၁၁၀ အထိရှိခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ သွင်းကုန်လုပ်ငန်းရတဲ့ နိုင်ငံခြားငွေကိုလည်း တစ်လအတွင်း ပြန်ရောင်းဖို့ ညွှန်ကြားချက် ထုတ်တာ၊ ပြည်ပက ကားတင်သွင်းခွင့်ပိတ်တာနဲ့ ဒေါ်လာနဲ့ ပေးဝယ်နေရတဲ့ သွင်းကုန်တွေကို တတ်နိုင် သလောက်လျော့ချဖို့လည်း လုပ်ဆောင်နေပါတယ်။

YGEA ကလည်း ရွှေဈေးလျော့ကျဖို့ ရွှေထုတ်ရောင်းပေးတာအပြင် ဈေးကွက် လိုအပ်ချက်ဖြည့်ဆည်းဖို့ Gold Paper လို့ခေါ်တဲ့ ဘဏ်မှာရွှေကိုအပ်ခိုင်းပြီး ရွှေအစား Gold Paper ကို ရောင်းချပေးတာမျိုးလုပ်ဆောင်ဖို့ လည်း ကြိုးစားနေပါတယ်။

အာဏာမသိမ်းခင် ဇန်နဝါရီကုန်ပိုင်းက အမေရိကန် တစ်ဒေါ်လာ မြန်မာငွေ ၁၃၀၀ ကျပ်ဝန်းကျင်နဲ့ အကယ်ဒမီ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ၁,၃၀၀,၀၀၀ ကျပ်ဝန်းကျင်ပဲရှိခဲ့တာပါ။

ရွှေဈေး၊ ဒေါ်လာဈေးတို့နဲ့အတူ စက်တင်ဘာလကုန်ပိုင်းမှာ တစ်လီတာ ၁၅၀၀ ကျော်အထိ မြင့်တက်ခဲ့တဲ့ အောက်တိန်း ၉၂ နဲ့ ၉၅ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီနေ့အထိ တစ်လီတာ ၁၀ ကျပ်ဝန်းကျင်ခန့်သာ ပြန်ကျပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။