METRO ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အောက်တိုဘာလကုန်မှာ ရပ်ဆိုင်းမည်

2021.09.02
METRO ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အောက်တိုဘာလကုန်မှာ ရပ်ဆိုင်းမည် သီလဝါစက်မှုဇုန်မှာ METRO ကုမ္ပဏီ အဆောက်အအုံကို တွေ့ရစဥ်
Photo: Metro

မြန်မာနိုင်ငံမှာ အကြီးဆုံးစားသောက်ကုန်ပစ္စည်း လက်ကားရောင်းချနေတဲ့ ဂျာမနီအခြေစိုက် METRO ကုမ္ပဏီဟာ လာမယ့်အောက်တိုဘာလကုန်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ စက်တင်ဘာလာ ၁ ရက် မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့အခြေအနေတွေကြောင့် METRO ရဲ့ မြင့်မားတဲ့စံနှုန်းတွေနဲ့အညီ လုပ်ငန်း လည်ပတ်နိုင်ဖို့ အခက်အခဲတွေဖြစ်နေပြီး ဆက်လက်လည်ပတ်နိုင်ဖို့ အခြေအနေအရပ်ရပ်ကနေ သေချာ သုံးသပ်ခဲ့သော်လည်း အဆင်မပြေတော့တာကြောင့် အခုလိုဆုံးဖြတ်ရတာလို့ METRO ရဲ့ မနေ့က ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

ဂျာမနီအခြေစိုက် METRO ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်ကတည်းကစပြီး အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော် ရင်းနှီးမြှုပ်နှံကာ သီလဝါစက်မှုဇုန်မှာ METRO Wholesale Myanmar ဆိုတဲ့အမည်နဲ့ သား၊ ငါး ဟင်းသီး ဟင်းရွက်၊ အသီးအနှံနဲ့ စားသောက်ကုန်တွေကို လက်ကားဖြန့်ချီနေတာဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်မြို့အပါအဝင် မြန်မာတနိုင်ငံလုံးကပါ မြေပြင်မှာရော အွန်လိုင်းစနစ်နဲ့ပါ ချိတ်ဆက်ဝယ်ယူ နေရတဲ့ အကြီးမားဆုံး စားသောက်ကုန်လုပ်ငန်းတစ်ခုဖြစ်ပြီး မကြာခင်မှာလည်း အွန်လိုင်း Mart နဲ့ လက်လီရောင်းချနိုင်မယ့် Retailer တွေကို နိုင်ငံတစ်ဝန်းဖွင့်လှစ်လို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။

METRO အနေနဲ့ လုပ်ငန်းမရပ်ဆိုင်းခင် အကူးအပြောင်းကာလမှာလည်း မိတ်ဖက်ကုမ္မဏီတွေနဲ့ ဝယ်သူတွေကို လက်ရှိရောင်းဝယ်နေတဲ့အတိုင်း အပြည့်အဝပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအများအပြား လုပ်ငန်း ရပ်ဆိုင်းတာနဲ့ ပြန်လည်ထွက်ခွာတာတွေရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကလည်း နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းထုတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။