ထိုင်းနိုင်ငံဘက်ကို သွယ်ထားတဲ့ ဂတ်စ်ပိုက်လိုင်း ဖောက်ခွဲခံရ

သထုံမြို့နယ် မြေနီကုန်းကျေးရွာအနီးမှာ ထိုင်းနိုင်ငံဘက်ကို သွယ်တန်းထားတဲ့ ဂတ်စ် ပိုက်လိုင်းဟာ ဇန်နဝါရီ ၂၀ ဒီနေ့မနက် ၂ နာရီခန့်က ဖောက်ခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖောက်ခွဲမှုကြောင့် အဲဒီနေရာမှာ အချိန် ၃ နာရီနီးပါး မီးလောင်ခဲ့ပြီး လူတွေ ထိခိုက် ဒဏ်ရာရတာ မရှိဘူးလို့ တောင်ရွာလေးကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပေါက်ကွဲမှု ဖြစ်တဲ့ နေရာနဲ့ ညီမတို့ရွာနဲ့က တစ်ရွာကျော် ဝေးတယ်။ အဲဒါတောင် ညီမတို့ အိမ်ခေါင်မိုးတွေ မှန်တွေ တုန်ခါသွားတယ်။ ဂတ်စ်ကထွက်တဲ့ အညှော်နံ့ ကလည်း အရမ်းအသက်ရှူကြပ်တယ်။ မာရှယ်လော ထုတ်ထားတဲ့ အချိန်ဆိုတော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ ဒါပေမဲ့ ကောင်းကင်က ရဲတောက် နေပြီးတော့ လေယဉ်ပျံနေသလို အသံအကျယ်ကြီးကြားနေရတာ"
ပေါက်ကွဲမှု ဖြစ်ပြီး အချိန်သုံးနာရီလောက်အကြာမှာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိ လာပြီးနောက် မီးငြိမ်းသွားတယ်လို့ သူကဆက်ပြောပါတယ်။
ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အဲဒီဂတ်စ် ပိုက်လိုင်းဟာ မြေနီကုန်းကျေးရွာရဲ့ လယ်ကွင်းထဲမှာ လွန်ခဲ့တဲ့ အနှစ်၂၀ ကျော် လောက်ကပင် သွယ်တန်းထားဖြစ်တယ်လို့လည်း သူကပြောပါတယ်။