ဖုယွင်စက်ရုံ အလုပ်ရှင်နဲ့ အလုပ်သမား ဆွေးနွေးပွဲ မအောင်မြင်
2018.08.23

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဖုယွင်အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အလုပ်သမား အယောက် ၃၀ အလုပ်ထုတ်ခံရတဲ့ကိစ္စကို အလုပ်ရှင်ကိုယ်စားလှယ်နဲ့ အလုပ်သမားတွေ ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
အလုပ်ထုတ်ကြေညာစာကို ပြန်ရုပ်သိမ်းဖို့ အလုပ်ရှင်ကိုယ်စားလှယ်တွေကို အလုပ်သမားတွေက တောင်းဆို ခဲ့ပေမဲ့ မရခဲ့ဘူးလို့ ဖုယွင်အလုပ်သမားသမဂ္ဂဥက္ကဌ မသက်ထားဆွေက ပြောပါတယ်။
"အလုပ်ထုတ်ကြေညာစာကို ပြန်လည်ရုပ်သိမ်းရေး အဲဒီအချက်ကိုပဲ အဆင်မပြေတာ။ ဘယ်တော့မှ အဲဒီဥစ္စာကို ပြန်ရုပ်သိမ်းပေးမှာမဟုတ်ဘူး။ အလုပ်လည်း ပြန်မခန့်နိုင်ဘူး။ တောင်းဆိုချက်တွေလည်း မပေးနိုင်ဘူး။ ဒီလိုမျိုးတွေငြင်းတာ။ ပြီးတော့ သူတို့အလုပ်ထုတ်တယ်ဆိုတဲ့ အယောက် ၃၀ ကလည်း ဖုယွင်စက်ရုံမှာ အလုပ်သမား သမဂ္ဂစထောင်တဲ့ အယောက် ၃၀၊ ဥက္ကဌကအစ အဖွဲ့ဝင်တွေ အကုန်လုံး ကို ထုတ်ပစ်တာ။ တောင်းဆိုချက်တွေ မရမချင်း ဒီသပိတ်ကတော့ ဆက်ထိုင်နေဦးမှာပဲဆိုပြီး ပြန်လာ ခဲ့တာ။ ဖြန်ဖြေရေးအဖွဲ့ကတော့ ထပ်ပြီးအကြောင်းကြားလာတယ်။ မနက်ဖြန် ညှိနှိုင်းရေး ဆက်လုပ် မယ်ဆိုတဲ့အကြောင်းပါ"
ဒီနေ့ ဒဂုံဆိပ်ကမ်း အထွေထွေအုပ်ချုပ်ရေးရုံးမှာ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်တွေ၊ အလုပ်သမားတွေ၊ အလုပ်ရှင်ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ၂၀ ရက်နေ့က ကြိုတင်အသိပေးတာမရှိဘဲ စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အလုပ်သမား အယောက် ၃၀ ကို အလုပ်ထုတ်လိုက်တာကြောင့် အဲဒီအလုပ်သမားတွေ အပါအဝင် တခြားအလုပ်သမားတွေကပါ စက်ရုံရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဖုယွင် အထည်ချုပ်အလုပ်သမားတွေကို အနည်းဆုံးအခကြေးငွေနှုန်းထားအရ လုပ်ခတွေ တိုးပေးပြီးနောက်ပိုင်း မှာ ကုန်ကျစရိတ်တွေ ပိုများလာတဲ့အကြောင်း၊ အခုအချိန်မှာ လုပ်ခလစာစရိတ်တွေ ပိုပြီးကုန်ကျလာ တာကြောင့် ရေရှည်စီးပွားရေး တွက်ခြေမကိုက်လို့ အရှုံးပေါ်နေတဲ့အကြောင်း ဖုယွန်အထည်ချုပ်စက်ရုံရဲ့ ထုတ်ပြန်စာအရ သိရပါတယ်။
ဒါ့ကြောင့် စက်ရုံမှာ အလုပ်ရှင်အလုပ်သမား သဘောတူညီချက်အတိုင်း အလုပ်လုပ်တာမရှိတဲ့သူတွေ၊ စာချုပ် ချိုးဖောက်တဲ့သူတွေ၊ ခွင့်မဲ့ပျက်ကွက်များတဲ့သူတွေ၊ ကုန်ထုတ်လုပ်မှုကျဆင်းအောင် သွေးထိုးလှုံ့ဆော် သူတွေဖြစ်တဲ့ အလုပ်သမားအယောက် ၃၀ ကို သြဂုတ် ၂၀ ကစပြီး အလုပ်ရပ်စဲလိုက်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။