ထုတ်ပယ်ခံရ ဥက္ကဋ္ဌ
2011.11.02
ဦးစောသန်းကျော်ဦးက သူ့ကို ပါတီဥက္ကဌ နေရာကနေ ဖယ်ရှားဖို့ပြုလုပ်တဲ့ အစည်းအဝေးဟာ ပါတီရုံးပြင်ပမှာ ပြုလုပ်တာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုပြီး စုံစမ်းစစ်ဆေးပေးဖို့ ရဲတပ်ဖွဲ့ကို ခုလို တိုင်ကြားလိုက်တာလို့ RFA ကိုပြောပါ တယ်။
ပါတီရုံးရဲ့ပြင်ပမှာ အစည်းအဝေး လုပ်ပြီဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကို ကြိုတင် အကြောင်းကြားပြီး သက်ဆိုင်ရာက ခွင့်ပြုချက်ရမှ လုပ်ရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လ (၃၁) ရက်က ကရင်ပြည်နယ် ဘားအံမြို့မှာ ဖလုံ စဝေါ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အများစုက ဥက္ကဋ္ဌ ဦးစောသန်းကျော်ဦးဟာ ပါတီနာမည်ကို အလွဲသုံစားပြုပြီး ကိုယ်ကျိုး စီးပွားရှာမှုအဖြစ် သံလွင်သီဟ ကုမ္ပဏီနဲ့ ပေါင်းကာ ခနောက်စိမ်း ထုတ်လုပ်ရေး လုပ်နေကြောင်း၊ ဒါဟာ ပါတီစည်းမျဉ်း စည်းကမ်း ဖောက်ဖျက်တာ ဖြစ်တဲ့အတွက် သူ့ကို ပါတီဥက္ကဋ္ဌ နေရာက ထုတ်ပယ်ကြောင်း ဆုံးဖြတ်ခဲ့ကြ ပါတယ်။
ဒါနဲ့ပတ်သက်လို့ အဲဒီအစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် နန်းစေအွာ ကို မေးမြန်းရာမှာ ဟုတ်မှန်ကြောင်း ပြောပါတယ်။
ဦးစောသန်းကျော်ဦး ကတော့ သူအနေနဲ့ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ ပါတီရန်ပုံငွေရရှိဖို့ ရိုးရိုးသားသား ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့ပါတယ်။