သံတွဲပဋိပက္ခအတွင်း တရားစွဲခံထားရသူတွေကို အမှုကနေလွှတ်ပေး
2014.02.11

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရားစွဲခံရပြီး အာမခံနဲ့ နေထိုင်နေတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင်(ခ) ဦးမောင်ပု အပါအဝင် ၇ ဦးကို သံတွဲမြို့နယ်တရားရုံးက ဒီကနေ့ အမှုကနေ အပြီးပြတ် လွှတ်ပေးလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို အခုလို ပြောပါတယ်။
“တရားခံ ၇ ဦးကို အမှုကနေ အပြီးပြတ် လွှတ်တယ်ဆိုတဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်ပါတယ်၊ အခုစွဲဆိုတာက မှားယွင်းမှုဖြစ်တယ်လို့ သတ်မှတ်ပါတယ်”
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းပိုင်းက သံတွဲမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဦးစောလှိုင်(ခ) ဦးမောင်ပု အပါအဝင် ၇ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၆ ဝတ္တရားနှောင့်ယှက်မှု၊ ၅၀၅ (ဂ) ဆူပူအောင်လှုံ့ဆော်မှု စတဲ့ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃၁ ရက်နေ့က စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဦးစောလှိုင်(ခ) ဦးမောင်ပု အပါအဝင် ၇ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အာမခံနဲ့ လွတ်မြောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁ရက်နေ့က သံတွဲမြို့နယ် သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုတွေကြောင့် နေအိမ်အလုံး ၁၀၀ကျော် ဆုံးရံှုးးခဲ့ပြီး သေဆုံးသူ ၅ဦး ရှိတယ်လို့ အစိုးရကထုတ်ပြန်ကြေညာခဲ့ပါတယ်။