သန္တိသုခ ဖမ်းဆီးခံဆရာတော် ၅ ပါး အာမခံနဲ့ ပြန်လွတ်လာ
2014.06.20

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မဟာသန္တိသုခကျောင်းတိုက်က အင်္ဂလန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ပါးဟာ ဒီနေ့ တာမွေမြို့နယ် တရားရုံးက အာမခံပေးလိုက်ပြီး ညနေပိုင်းမှာ မဟာသန္တိသုခကျောင်းတိုက်အနီးက သာသနာ့ဇေယျ မင်္ဂလာ ပရိယတ္တိစာသင်တိုက်မှာ သိမ်ဝင်ပြီး ရဟန်း အဖြစ် သိက္ခာတင်ခဲ့ပါတယ်။
လန်ဒန်ဓမ္မရံသီ ဆရာတော် ဦးဥတ္တရက သင်္ဃန်းပြန်ဝတ်အပြီးမှာ ရောက်ရှိနေကြတဲ့ ဒကာ ဒကာမတွေနဲ့ သတင်းထောက်တွေကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နဲ့ ပတ်သက်ပြီး အခုလို မိန့်ကြားပါတယ်။
"သံဃာ ၅ သိန်းကို ကိုယ်စားပြုတဲ့ နိုင်ငံတော် သံဃမဟာနယက ဖြစ်ပေါ်လာဖို့ရန်အတွက် နိုင်ငံတော် ဗဟိုဝန်ဆောင်တွေဆိုတာ တကယ်တန်း ကျတော့ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ၊ အဲဒီ လွှတ်တော်ကိုယ်စားလှယ် သံဃာတော်တွေဟာ သံဃာတော်တွေအတွက် တရားစီရင်တာ မျှတတယ်၊ မမျှတဘူးဆိုတာကို အခုအချိန်မှာ ဝိုင်းဝန်းပြီးတော့ စဉ်းစားရန်နှင့် ပြုပြင်နိုင်ကြပါစေလို့ ဒီနေ့ပဲ ၅ သိန်းကျော်ရှိတဲ့ ဆရာတော်တွေကို ဒီနေရာကနေပဲ ပန်ကြားလျှောက်ကြားရင်းနဲ့ မှန်ကန်တဲ့ တရားစီရင်ရေးများ အမြန်ဆုံးပေါ်ပေါက်နိုင်ပါစေလို့ ဆုတောင်းပါတယ်"
ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် ၂၀/၉၀ တို့နဲ့ တာမွေမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။
သံဃာ ၅ ပါးရဲ့အမှုကို လိုက်ပါအကျိုးဆောင်ပေးတဲ့ ရှေ့နေ ဦးနေလက မဟနရဲ့ ညွှန်ကြားချက်ကို ကျော်လွန်ပြီး တရားစွဲဆိုထားတာ ဟုတ်မဟုတ် ဒီနေ့ တရားရုံးမှာစစ်ဆေးခဲ့တယ်လို့ အခုလို ပြောပါတယ်။
"သာသနာရေးဌာန တိုင်းဦးစီးမှူးကို စစ်ပါတယ်၊ စစ်တဲ့အခါကျတော့ ကျနော်တို့အဓိကအားဖြင့် ခုခံချေပတာက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အမိန့်ညွှန်ကြားချက်နဲ့ မကိုက်ညီတဲ့အပိုင်းပေါ့နော်၊ သူတို့ညွှန်ကြားချက်ထဲမှာမပါတဲ့ ပြစ်မှုနဲ့ တရားစွဲတဲ့အပိုင်းကိုပဲ ကျနော်တို့ ပြန်လှန်စစ်မေးခြင်းပြုခဲ့ပါတယ်၊ ၂၉၅(က)နဲ့ တရားစွဲဖို့ ညွှန်ကြားချက်မှာမပါပါဘူး၊ အဓိကအားဖြင့် တရားစွဲဆိုတဲ့အပိုင်းမှာ သူတို့ဆီကပေးတဲ့ ညွှန်ကြားချက်နဲ့ ကျော်လွန်ပြီးတော့ တရားစွဲဆိုတဲ့အပိုင်းကိုပဲ ကျနော်တို့က ပြန်လှန်စစ်မေးခြင်းပြုခဲ့ပါတယ်"
ဒီနေ့ရုံးချိန်းကို ရွှေညဝါဆရာတော် ဦးပညာသီဟ၊ မကွေးပရိယတ္တိစာသင်တိုက်ဆရာတော် ဦးပါမောက္ခ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လာရောက်ခဲ့ကြပါတယ်။
အဲ့ဒီသံဃာ ၅ ပါးကို လာမယ့် ဇွန်လ ၂၇ရက်နေ့မှာ တာမွေမြို့နယ်တရားရုံးမှာ ထပ်မံစစ်ဆေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဆရာတော် ဦးဥတ္တရရဲ့ ဥပဒေအကျိုးတော်ဆောင် ဦးနေလကို RFA က ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။