DVB သတင်းထောက်တွေ လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုကြ
2011.09.09

free burma vj
ဒီမိုကရက်တစ် မြန်မာအသံ DVB သတင်းဌာနက ဖွဲ့စည်းခဲ့ထားတဲ့ အဲဒီ FREE BURMA VJ အဖွဲ့ကနေ ပြင်သစ်၊ လန်ဒန်၊ ဂျီနီဗာနဲ့ ဘန်ကောက်မြို့တွေက မြန်မာအစိုးရ သံရုံးတွေရဲ့ရှေ့မှာ ဆန္ဒပြ နေကြတာ ဖြစ်ပါ တယ်။
သူတို့ရဲ့ သတင်းထောက်တွေ လွတ်မြောက်ရေး အတွက် ပြုလုပ်ခြင်း ဖြစ်တယ်လို့ DVB သတင်းဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် ကပြောပါတယ်။
“ဟုတ်ကဲ့ ကျနော်တို့ DVB သတင်းထောက် ၁၇ ယောက်ဟာ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေပါတယ်။ အဲဒီအထဲက လူသိများတဲ့ DVB ဝန်ထမ်း ၅ ယောက်ရဲ့ အမည်တွေကို ကြေညာ ပေးထာပါတယ်။ အဓိကကတော့ DVB သတင်းဌာနက ဖွဲ့စည်းခဲ့ထားတဲ့ FREE BURMA VJ အဖွဲ့ကနေ DVB ကို ကိုယ်စားပြု လှုပ်ရှားတဲ့ နိုင်ငံတကာ လှုပ်ရှားမှု တခု ဖြစ်ပါတယ်”
ဒါအပြင် FREE BURMA VJ အဖွဲ့ကနေ သူတို့ သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်း အထူးသဖြင့် ကုလသမဂ္ဂ နဲ့ အာဆီယံ အဖွဲ့ကြီးအနေနဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ တောင်းဆိုနေပါတယ်။
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလည်မှုတွေ လုပ်ဆောင်မယ်လို့ ကတိတွေပေးထား တဲ့အတွက် အဲဒီအပေါ်မှာ မူတည်ပြီး နိုင်ငံတကာ အသိုင်းအဝန်းကနေ ဒီဗွီဘီ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့လည်း Free Burma VJ အဖွဲ့က တောင်းဆို ထားပါတယ်။