အာဆီယံရဲ့ ကြိုးပမ်းချက်ကို ဆက်ထောက်ခံကြောင်း ပြင်သစ်ထုတ်ပြန်

မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာပြီး နိုင်ငံရေးအကျပ်အတည်း ပြေလည်ဖို့ ကြိုးပမ်းနေတဲ့ အာဆီယံအသင်းဝင်တွေရဲ့ ဆောင်ရွက်ချက်ကို ပြင်သစ်နိုင်ငံအနေနဲ့ ဆက်ပြီး ထောက်ခံပံ့ပိုးနေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့က ကြေညာပါတယ်။
စစ်ခေါင်းဆောင်နဲ့ အာဆီယံအသင်းခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်နေ့က သဘောတူခဲ့တဲ့ အချက် ၅ ချက်ကို ဆောင်ရွက်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေဘက်က ပျက်ကွက်နေတာကိုလည်း ပြင်သစ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အဲဒီအပြင် စစ်တပ်က အကြမ်းဖက်နေတာတွေ ချက်ချင်းရပ်ဖို့၊ လူသားချင်းစာနာမှုအကူအညီပေးခွင့် မရအောင် ပိတ်ဆို့ထားတာတွေ ဖယ်ရှားဖို့၊ NUG အစိုးရ အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ထပ်မံတောင်းဆိုတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီရေးအတွက် မမောတမ်းကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေရဲ့ အဖိနှိပ်ခံရမှုတွေ၊ ဒုက္ခတွေ၊ ရဲရင့်ပြတ်သားမှုတွေကိုလည်း ချီးကျူး ထောက်ခံနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။