နယ်စပ်ဖြတ်ကျော်ဝင်ရောက်မယ့် နိုင်ငံခြားသား လေးဦးကို အိန္ဒိယ ဖမ်းဆီး

RFA Burmese
2023.06.06
နယ်စပ်ဖြတ်ကျော်ဝင်ရောက်မယ့် နိုင်ငံခြားသား လေးဦးကို အိန္ဒိယ ဖမ်းဆီး ၂ဝ၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တွေ့ရသည့် အိန္ဒိယ-မြန်မာနယ်စပ်။
Reuters

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်နိုင်ငံသား နှစ်ဦးနဲ့ ကနေဒါနိုင်ငံသား နှစ်ဦးကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ The Diplomat မဂ္ဂဇင်းက ဇွန်လ ၆ ရက်နေ့ မနေ့က ဖော်ပြလိုက်ပါတယ်။

ဖမ်းဆီးမိတဲ့သူတွေထဲက ကနေဒါနိုင်ငံသား နှစ်ဦးဟာ မူလက ချင်းပြည်နယ်မှာနေထိုင်သူတွေဖြစ်ပြီး ကနေဒါကို နှစ်ပေါင်းများစွာ သွားရောက်အခြေချခဲ့သူတွေဖြစ်တဲ့အတွက် အခု ချင်းပြည်နယ်ကို သူတို့နယ်စပ်က တစ်ဆင့်ဝင်ရောက်လိုတဲ့ဆန္ဒကို နားလည်နိုင်ပေမယ့် အမေရိကန်နိုင်ငံသား နှစ်ယောက်ကတော့ သူတို့ မြန်မာပြည်ဝင်ရောက်လိုတဲ့ သဘောထားကို အမှန်အတိုင်း ပြောဆိုခဲ့ခြင်းမရှိသလို သူတို့နှစ်ယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာတွေနဲ့ အဆက်အသွယ်ရှိပြီး မြန်မာနိုင်ငံက နေရာဒေသအချို့ကို သွားရောက်ဖို့ ကြိုးစားခဲ့ကြတယ်လို့ အိန္ဒိယ အစိုးရ အရာရှိတွေက ယူဆပါတယ်။

သူတို့လေးဦးကို လွန်ခဲ့တဲ့ ခြောက်လက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မေးမြန်းစစ်ဆေးပြီးတဲ့နောက် မီဇိုရမ်ပြည်နယ်ကနေ သူတို့မူလ လာရောက်တဲ့ နယူးဒေလီမြို့ကို ပြန်ပို့လိုက်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို နိုင်ငံခြားသားတွေက ကူညီနေတယ်ဆိုတဲ့ ခန့်မှန်းပြောကြားချက်တွေပေါ်ထွက်နေတယ်လို့လည်း The Diplomat မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။