ဘဏ်အားလုံးကို နိုင်ငံခြားငွေ လဲလှယ်ခွင့်ပြု
2011.10.23

နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ် (၁၉) ခုစလုံး နယ်ဘဏ်ခွဲတွေပါ မကျန် ငွေလဲလုပ်ငန်း ချပေးလိုက်ပြီ ဖြစ်တာကြောင့် လက်ရှိ ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ငွေလဲလှယ်ရေးကောင်တာ အပါအဝင် နိုင်ငံတဝှမ်းမှာ နိုင်ငံခြားငွေ တရားဝင် လဲလှယ်လို့ရတဲ့နေရာ အနည်းဆုံး ၅ဝ လောက် ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်းနဲ့ လက်ရှိ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်က RFA ကို ပြောပါတယ်။
ပုဂ္ဂလိကနဲ့ အစိုးရက ထူထောင်ထားတဲ့ ဘဏ်တွေဖြစ်တဲ့ အင်းဝဘဏ်၊ မြဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နဲ့ ကမ္ဘောဇဘဏ် စတဲ့ ဘဏ် ၆ ခုကို အခုလ ၁ ရက်နေ့ကစလို့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းတွေ ပထမဆုံး လုပ်ကိုင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ ၁၉၄၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ငွေကြေးဥပဒေကို အခုထိ မပြုပြင်ရသေးတာကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့် မရှိသေးတဲ့ အခြေအနေမှာ အစိုးရက အခုလို ဘဏ်တွေကို ငွေလဲခွင့်လုပ်ငန်း ချပေးနေတာဟာ လက်တွေ့နဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား တပြေးညီ သတ်မှတ်ရေးကိစ္စကို ကူညီဖို့ IMF ခေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာနိုင်ငံမှာ အခုရောက်ရှိနေပြီး မြန်မာအာဏာပိုင်တွေ၊ ငွေကြေးအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ သီတင်း ၃ ပတ်လောက် တွေ့ဆုံဆွေးနွေး အဖြေရှာကြမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ငွေလဲလှယ်ရေး ကောင်တာသစ် ၅ဝ လောက် ပေါ်ပေါက်လာတော့မယ့် အခြေအနေ၊ အစိုးရရဲ့ ငွေကြေးမူဝါဒတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယအကြီးအကဲဟောင်းနဲ့ လက်ရှိ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |