အစာအဆိပ်သင့်သူ ၁၀၀ ကျော် ဆေးကုသမှုခံယူ
2018.04.02

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မုဌောကျေးရွာက ရှင်ပြုအလှူတစ်ခုမှာ အစာအဆိပ်သင့်တာကြောင့် လူဦးရေ ၁၀၀ ကျော် ဆေးကုသမှုခံယူနေရပါတယ်။
မနက်ကနေ နေ့လယ်အထိ မူးဝေအော့အန်တဲ့သူတွေ များလာတာကြောင့် ကနီမြို့နယ်ဆေးရုံကိုလည်း ပို့ဆောင်ပေးနေရတယ်လို့ မြို့နယ် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဝင်းဇော်ခိုင် က ပြောပါတယ်။
"ကနီမြို့နယ် မုဌောကျေးရွာမှာ အလှူကနေပြီးတော့မှ အစာဆိပ်သင့်မှု ဖြစ်ပေါ်ခဲ့တယ်။ အဲလိုဖြစ်တော့ လူဦးရေက တဖြည်းဖြည်းပေါ့။ ၁၁ နာရီထိုးလောက်မှာ မူးကြ ဝေကြနဲ့၊ အော့အန်တာတွေလည်း များလာတယ်။ များလာတဲ့အခါကျ၊ ကနီမြို့နယ်ဆေးရုံကို ပို့ဆောင်နေရတယ်။ အခုဆိုရင် လူဦးရေက ၁၀၀ ကျော်လာတယ် ပေါ့နော်။ အခုချိန်မှာတော့ တော်တော်လေး အခြေအနေက ထိန်းနိုင်နေပါပြီ"
မုဌောကျေးရွာက ရှင်ပြုအလှူမှာ ဟင်းချို၊ ငါးခြောက်ထောင်း၊ အစိမ်းကြော် စတဲ့ ဟင်းတွေနဲ့ ကျွေးမွေးတာလို့ သိရပါတယ်။
အစာအဆိပ်သင့်ရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့အတွက် ဟင်းတွေကို တိုင်းကျန်းမာရေးဦးစီးဌာနက စစ်ဆေး သွားမယ်လို့ ကိုဝင်းဇော်ခိုင် က ပြောပါတယ်။ ကနီမြို့နယ်ဆေးရုံမှာ တက်ရောက်ကုသခံနေတဲ့ အစာအဆိပ်သင့် လူဦးရေနဲ့ ကျန်းမာရေးဝန်ထမ်းအင်အား မမျှတတာကြောင့် တိုင်းဝန်ကြီးချုပ်ထံ တင်ပြပြီး အကူအညီတောင်းထား တယ်လို့ ကနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင် က သူ့ရဲ့ဖေ့ဘွတ်စ်မှာ ရေးသားထား ပါတယ်။
အစာအဆိပ်သင့်သူတွေကို ကနီဆေးရုံအပြင် မုဌောကျေးရွာ အ.လ.က နဲ့ သာသနာ့ဗိမာန်ဓမ္မာရုံမှာ ယာယီဆေးခန်း တွေဖွင့်ပြီး ကုသပေးနေပါတယ်။