အင်းတော်ကန်ပတ်လမ်း ပြဿနာ တောင်သူငါးယောက် အဖမ်းခံရ
2021.01.07
စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်ကြီးမြို့နယ်က အင်းတော်ကန်ပတ်လည်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက စီမံကိန်းချပြီး ကန်ပတ်လမ်း ဖောက်နေတဲ့အတွက် တောင်သူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကြား မြေယာအငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ မနေ့က မနက်မှာတော့ အငြင်းပွားတဲ့အရှိန် မြင့်တက်လာပြီး၊ လယ်မြေဆုံးရှုံးလို့ ကန့်ကွက်နေတဲ့ သက္ကယ်ကျင်းရွာက တောင်သူ သားအမိနှစ်ယောက်အပါအဝင် စုစုပေါင်း ငါးယောက်ကို ဖမ်းသွားတယ်လို့ သူတို့ကိုကူညီနေတဲ့ ကိုဇော်မင်းထွဋ်က ပြောပါတယ်။
အဖမ်းခံလိုက်ရတဲ့သူတွေကတော့ ဒေါ်ရင်လေး၊ သူ့ရဲ့သား ကိုအေးကို၊ ချွေးမ မသဲစု၊ တရွာတည်းနေ ကိုသန်းစိုးနဲ့ ကိုမောင်မိုးတို့ဖြစ်ပါတယ်။ သူတို့ကို အင်းတော်မြို့မရဲစခန်းမှာ ချုပ်ထားပြီး ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းတန် ကပြောပါတယ်။
အဲဒီမှာအဖမ်းခံရတဲ့ တောင်သူဒေါ်ရင်လေးက ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ လမ်းဖောက်တဲ့ မြေတူးစက်ရှေ့ လှဲပြီး ဆန္ဒပြခဲ့တဲ့အကြောင်းနဲ့ သူ့မှာ လယ်လုပ်ခွင့်ပုံစံ (၇) ရှိပြီး နစ်နာနေရတယ်လို့ ပြီးခဲ့တဲ့ရက်က RFA ကို ပြောပါတယ်။
တောင်သူတွေနဲ့ အာဏာပိုင်တွေ ပြီးခဲ့တဲ့ သီတင်းပတ်က အငြင်းပွားချိန်မှာ မြေယာဥပဒေအရ နိုင်ငံတော်ကသာ ပိုင်တယ်လို့ အာဏာပိုင်တဦးက ပြောခဲ့ပါတယ်။
အင်းတော်ကန်ဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ရေအိုင်ကြီးဖြစ်ပါတယ်။ အဲဒီကန်ကြီးဟာ အခု နောက်ပိုင်းတိမ်ကောလာနေပြီး ပြုပြင်ထိန်းသိမ်းဖို့လည်း လိုအပ်နေတာကြောင့် ကန်ကို ထိန်းသိမ်းဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားနေကြတာလို့ အင်းတော်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ပြုံးက ပြောပါတယ်။ ဒါကြောင့် အခုလက်ရှိမှာ အင်းတော်ကန်ရဲ့မြောက်ဘက် သက္ကယ်ကျင်းရွာမှာ စပြီး အရှည် ၂ မိုင်နီးပါး မြေသားလမ်း ဖောက်နေတာပါ။ အဲဒီကနေ နောက်နှစ်တွေဆိုရင် ဆက်ပြီး ကန်ပတ်လည်ပြည့်အောင် ဖောက်ဖို့ စဉ်းစားချက်တွေ ရှိတယ်လို့ သူကပြောပါတယ်။
အဖမ်းခံထားရတဲ့ တောင်သူ ကိုမိုးရဲ့ဇနီး ဒေါ်နွဲ့ဝင်းကတော့ ဒေသဖွံ့ဖြိုးရေးဆိုပေမယ့် သူတို့တောင်သူတွေ အကျိုးခံစားရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
လက်ရှိလယ်ယာမြေဥပဒေအရ ပုံစံ (၇) ရှိထားတဲ့လယ်သမားက သူ့မြေကို မတရားသိမ်းခံရရင် တရားပြန်စွဲခွင့် ရှိတယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
အခုလို ဒေသဖွံ့ဖြိုးရေး ဆိုတဲ့အခါမှာ အာဏာပိုင်တွေနဲ့ ဒေသခံတွေရဲ့အငြင်းပွားမှုဟာ မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ တွေ့ရပါတယ်။ ဒီလိုပြဿနာ မဖြစ်အောင် နစ်နာမယ့်သူတွေကို ကာလပေါက်ဈေးထက် ပိုပေးပြီး လျော်ကြေးပေး ဖြေရှင်းတဲ့နည်းတွေလဲ နိုင်ငံတချို့မှာ သုံးနေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံးက လက်ခံပြီး သူတို့မှာတော့ အဲဒီလို လျော်ကြေးပေးစရာ ရန်ပုံငွေ မရှိတဲ့အတွက် မပေးနိုင်သလို ဒေသခံတွေ လက်ခံလာအောင် လုပ်ဖို့လည်း ခက်ခဲတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ လယ်မြေလေးတွေ ပဲ့ပါနေလို့ ခုခံကာကွယ်နေတဲ့ တောင်သူတွေမှာ အချုပ်ထဲ ရောက်နေပြီး အာမခံရမလား မရဘူးလား၊ ထောင်ဒဏ်ကျခံရဦးမှာလား ဆိုတာ စိုးရိမ်နေကြပါတယ်။