ကမ္ဘာ့အဆင့် ၆ ရ မြန်မာစက်ရုပ်အသင်း မိတ်ဆက်ပွဲပြုလုပ်
2017.07.28

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ဇူလိုင်လ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိကျင်းပခဲ့တဲ့ ကမ္ဘာ့ ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Olympics မှာ အဆင့် ၆ ရခဲ့ တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖွဲ့က ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်လမ်းက ဖန်တီးရာရုံးခန်းမှာ မီဒီယာနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံပေါင်း ၁၅၇ နိုင်ငံက အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်ကျောင်းသား ပြိုင်ပွဲဝင်အသင်း ၁၆၃ သင်း ဝင်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာအသင်းက ကျောင်းသား/ကျောင်းသူ ၇ ဦးပါဝင်တဲ့ Team Myanmar အဖွဲ့နဲ့ ကမ္ဘာ့အဆင့် ၆ ရရှိတာဖြစ်ပါတယ်။
မြန်မာအသင်းရဲ့နည်းပြလည်းဖြစ် ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုကြည်ဇော်ဝင်းက အောင်မြင်မှုရရှိခဲ့တဲ့ အပေါ်အခုလိုပြောပါတယ်။
"သူတို့သွားလုပ်နိုင်တယ် သူတို့လည်း ဒီလိုမျိုးဖြစ်လာတဲ့အခါကျရင် ကျန်တဲ့လူတွေကြားမှာလည်း ငါတို့လည်းဖြစ်နိုင်တယ်ဆိုတဲ့ စိတ်မျိုးဝင်သွားလို့ရှိရင် ကျနော်တို့ သွားခဲ့ရတာဟာ အမြတ်တစ်ခု လို့ ပြောလို့ရပါတယ်"
အဲဒီပြိုင်ပွဲဟာ ကမ္ဘာတစ်ဝန်းကလူငယ်တွေရဲ့ သိပ္ပံနဲ့နည်းပညာနယ်ပယ်အတွင်းက နည်းပညာအသစ်တွေ ကို မြေတောင်မြှောက်ပေးလိုတဲ့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး ဖန်တီးရာ Myanmar Innovation Lab နဲ့ USAID တို့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ အထက်တန်းနဲ့ တက္ကသိုလ်တွေက လူငယ်တွေကိုရွေးချယ်ပြီး စေလွှတ် ခဲ့တာဖြစ်ပါတယ်။
ပြိင်ပွဲကျင်းပရေးအဖွဲ့ First Global ကနေ ၃ လကျော်ကတည်းက နိုင်ငံအသီးသီးကို ကြိုတင်ပေးပို့ခဲ့တဲ့ စက်ပစ္စည်းတွေနဲ့ အခုလိုစက်ရုပ်ဖန်တီးကာ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းတွေအားလုံးက ရေသန့်ကို ဘယ်လိုထုတ်လုပ်မလဲ ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ စက်ရုပ်တွေကိုတီထွင်ပြီး အစွမ်းပြခဲ့ကြတာဖြစ်ပါတယ်။
ပြိုင်ပွဲတလျှောက်လုံးမှာ ကမ္ဘာ့အဆင့် ၁ အဖြစ် ဥရောပအသင်းကရရှိခဲ့ပြီး၊ ပိုလန်က အဆင့် ၂၊ အာမေးနီးယားက အဆင့် ၃၊ အစ္စရေးက အဆင့် ၄၊ ဂျာမနီက အဆင့် ၅ နဲ့ မြန်မာနိုင်ငံက အဆင့် ၆ အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။