FDA ထောက်ခံချက်မရှိဘဲ ရောင်း ချနေတဲ့ ငရုတ်သီးမှုန့်နဲ့ မဆလာ တံဆိပ် ၅၇ ခုကို ထုတ်ပြန်


2016.12.25
chili-mawlamyine-620.jpg မွန်ပြည်နယ် စားသောက်ကွပ်ကဲရေးအဖွဲ့တွေ၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး FDA အဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ စည်ပင်အဖွဲ့တွေ မော်လမြိုင်မြို့ဈေးက ငရုတ်သီးမှုန့်ဆိုင်တွေကို ဒီဇင်ဘာလ ၂ဝ ရက်နေ့က စစ်ဆေးစဉ်
Photo: Kyaw Lwin Oo/ RFA

ဈေးကွက်အတွင်းရောင်းချနေတဲ့ ငရုတ်သီးမှုန့်တံဆိပ် ၅၆ ခုနဲ့ မဆလာတံဆိပ် ၁ ခုတို့ဟာ အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ထောက်ခံချက် ရရှိထားခြင်းမရှိဘဲ ရောင်းချနေတာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

FDA ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်းရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေထဲမှာ မုံရွာမြို့ကထွက်ရှိတဲ့ ငရုတ်သီးမှုန့်တွေအများဆုံးပါဝင်ပြီး မော်လမြိုင်၊ ရန်ကုန်၊ မြိတ်၊ နေပြည်တော်၊ ရခိုင်၊ ပုသိမ်၊ တောင်ကြီး၊ မန္တလေးနဲ့ မကွေး စတဲ့မြို့တွေက ထွက်ရှိတာတွေလည်း ပါဝင်ပါတယ်။

အဲဒီထဲက ငရုတ်သီး အမှတ်တံဆိပ် ၂၁ ခုနဲ့ မဆလာအမှတ်တံဆိပ် ၁ ခုကတော့ လုပ်ငန်းလိပ်စာဖော်ပြထားခြင်း မရှိပါဘူး။

FDA ထောက်ခံချက်မရရှိဘဲ ရောင်းချနေတာတွေက ပစ်တိုင်းထောင်၊ နေကိုးလုံး၊ ရွှေဟင်္သာ၊ စိန်ခြင်္သေ့ ၊ မြင်းပျံ၊ ကောင်းအရသာ၊ ယုဇန၊ ရွှေငရုတ်မင်း၊ ကောင်း၊ မြေလတ်သား စတဲ့တံဆိပ်တွေ ဖြစ်တယ် လို့ ကြေညာထားပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ ငရုတ်သီးမှုန့်တွေအပါအဝင် အဆိပ်အတောက်ဖြစ်စေတဲ့ မှိုတွေပါဝင်တဲ့ အလှော်မှုန့်နဲ့ အထောင်းမှုန့်တွေကို မွန်ပြည်နယ်အတွင်း မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့ အထိ စစ်ဆေးသိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဈေးကွက်အတွင်း ရောင်းချနေတဲ့ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်တွေမှာ အသည်းကင်ဆာရောဂါကို ဖြစ်ပွား စေ တဲ့ Aflatoxin နဲ့ ဆိုးဆေးတွေ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိထားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းက သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အခုလို ဈေးကွက်အတွင်းရောင်းချနေတဲ့ စားသောက်ကုန်တွေကို လိုက်လံစစ်ဆေးမှုတွေ ပြု လုပ်နေတာ ဖြစ်ပါတယ်။

မြို့မဆင်ဖြူတော်၊ ဒေါ်ထွေး၊ ဘုတ်ဆုံမနဲ့ မြန်မာရနံ့အမှတ်တံဆိပ်တွေ အပါအဝင် ငရုတ်သီးမှုန့် ၉မျိုး ဟာ မှိုအဆိပ် ပါဝင်တဲ့အတွက် ဈေးကွက်အတွင်း ကနေ ပြန်လည်ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။