လယ်မြေသိမ်းမှုမှာ ထောင်ဒဏ် စီရင်ခံခဲ့ရတဲ့ လယ်သမားတွေ အမှုနိုင် ပြန်လွတ်

မင်းဘူးခရိုင် တရားရုံးမှာ ပြင်ဆင်ချက် တင်ပြီး အယူခံဝင်နေတဲ့ မကွေးတိုင်း ကမ္မမြို့နယ် စစ္စရံရွာက ထောင်ဒဏ် (၈) နှစ်ကျော်စီ ချမှတ်ခံထားရတဲ့ လယ်သမား (၅) ဦးရဲ့ အမှု အနိုင်ရလိုက်တဲ့ အတွက် သူတို့ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့လွှတ်ဝရမ်း ထုတ်ပေးလိုက်ပြီလို့ သတင်း ရရှိပါတယ်။

2011.06.30
farmer_woman_work_305_z.jpg လယ်ယာ လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော လယ်သူမလေးများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဲဒီလယ်သမားတွေက ဦးသန်းဦး၊ ဦးအောင်လင်း၊ ဦးခင်မောင်စန်း၊ ဦးကျော်ညွန့်နဲ့ ဦးထွန်းမင်းလွင် တို့ဖြစ်ပါတယ်။

သူတို့ကိစ္စနဲ့ပတ်သက်လို့ အမှုလိုက်ပေးခဲ့တဲ့ ရှေ့နေ ဦးတင်အောင်ထွန်းက RFA ကို အခုလို ပြောပါတယ်။

"သူတို့ကို မင်းလှမြို့နယ်တရားရုံးက ထောင်ချလိုက်တာလေ။ ရှစ်နှစ်ကျော်တွေပေါ့။ မင်းဘူးခရိုင် တရားရုံးကို ကျနော် အယူခံတက်တယ်ဗျာ။ အဲဒီတော့ ဒီကနေ့ အမိန့်ချတယ်။ အမြင့်ဆုံး သုံးလလောက်ပဲ လျှော့ချလိုက်တယ်။ အဲဒီတော့ သူတို့က အကျဉ်းထောင် ရောက်တာ သုံးလ ပြည့်သွားပြီ။ ပြည့်သွားတော့ ဒီနေ့ လွှတ်ဝရန်း ထုတ်ပေးတယ်။"

အဲဒီစစ္စရံရွာမှာ စစ်တပ်အရာရှိဟောင်းတွေရဲ့ မြန်မာ့ဦးပိုင် လီမိတက်က ကော့စတစ် စက်ရုံတည်ဖို့ဆိုပြီး ရွာသားတွေရဲ့ လယ်တွေ ဝင်သိမ်းလိုက် သလို၊ ထူးဆောက်လုပ်ရေး ကုမ္ပဏီကလည်း အဆောက်အဦတွေ စပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီဆုံးရှုံးနစ်နာရတဲ့ လယ်တွေ အတွက် ဦးသန်းဦး အပါအဝင် လယ်သမား (၅) ယောက်က ဦးဆောင်ပြီး တရားစွဲ ခဲ့ပါတယ်။ တရားစွဲထားတဲ့ ကာလမှာ ဦးပိုင်နဲ့ထူးကုမ္ပဏီ အလုပ်သမားတွေနဲ့ လယ်သမားတွေ အချင်းများခဲ့တဲ့ အတွက် လယ်သမားတွေ ဒဏ်ရာတွေ ရခဲ့သလို၊ ကုမ္ပဏီတွေဘက်က တရားပြန်စွဲတာလည်း ခံခဲ့ရပါတယ်။

အဲဒီလို အရိုက်အနှက်လည်းခံရ၊ ထောင်ချလည်း ခံလိုက်ရတဲ့ လယ်သမားတွေ အတွက် တရားဥပဒေရဲ့ အကာအကွယ် ရအောင် NLD ရှေ့နေကွန်ယက် အဖွဲ့က ဆက်လက် ဆောင်ရွက်ခဲ့တဲ့ အတွက် တရားရုံးက ဒီအမှုကို ပြန်လည် သုံးသပ်ခဲ့ပြီး သူတို့ပြစ်ဒဏ်တွေကို ထောင်ဒဏ် (၈) နှစ်အစား (၃) လ လို့ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ထောင်ကျနေတဲ့ ကာလက (၃) ရှိနေပြီဖြစ်တဲ့ အတွက် လွှတ်ဝရမ်း ထုတ်ပေးလိုက်တာလို့သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး အမှုကို လိုက်ပေးခဲ့တဲ့ ရှေ့နေ ဦးတင်အောင်ထွန်းနဲ့ RFA က ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။