လယ်သမားအရေး ဆောင်ရွက်သူ ဖမ်းဆီးခံရ
2011.07.03
လယ်သမားတွေရဲ့ နစ်နာချက်တွေအတွက် အာဏာပိုင်တွေနဲ့ ILO အလုပ်သမား အဖွဲ့ချုပ်ရုံးကို သွားရောက် သတင်းပို့ပြီး အပြန်လမ်းမှာ ရဲတွေက ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ဦးထွန်းအေးနဲ့ အဲဒီနေ့က အတူရှိနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမြင့်နိုင်က ပြောပြပါတယ်။
ကန်ကြီးထောင့်မြို့နယ် အတွင်းက ကျေးရွာတွေမှာ မြေစာရင်းဌာနနဲ့ မယက ပူးပေါင်းပြီး လယ်မြေ တဧကကို ကျပ်ငွေ ၅ ရာ ကောက်ခံသွားတဲ့ ကိစ္စကို ILO ရုံးကို သွားတိုင်ပြီး အပြန်မှာ အခုလို အဖမ်းခံရတာပါ။ သူ့ကို ဖမ်းဆီး ပုဒ်မ ၄၂၇ အတွက် ဖမ်းဝရမ်းနဲ့ ဖမ်းတာလို့ ရဲတွေက ပြောဆိုခဲ့ပါတယ်။
ဦးထွန်းအေးကို၂ဝဝ၇ ခုနှစ်က စိုက်ပျိုးစရိတ် ချေးငွေအတိုး ပြန်လည်ပေးဆပ်ဖို့ ကိစ္စနဲ့ ဆက်စပ်ပြီး ငွေရှင် ဦးအောင်ဌေးက တရား စွဲဆိုခဲ့ဖူးကြောင်း၊ ဒါပေမယ့် ၂ဝ၁ဝ ဇူလိုင်လ ၂၁ ရက်နေ့မှာ တရားသူကြီး ဦးရေချမ်း ထိုင်တဲ့ တရားရုံးက အမှုကို ပ,လပ် ခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမယ့် အခုတခါ အဲဒီအမှုနဲ့ပဲ ထပ်မံစွဲဆို ဖမ်းဆီးသွားတာ ဖြစ်ကြောင်းသိရပါတယ်။
ဦးအေးထွန်းနဲ့ လယ်သမားတချို့ဟာ မြို့နယ် အာဏာပိုင်တွေက အကြောင်းပြချက် တစုံတရာ မရှိဘဲ လယ်တဧကကို ၅ ရာကျပ်နဲ့ အုပ်စု ၈ဝ ကျော်က လယ်ဧက ထောင်ပေါင်း များစွာအတွက် ငွေကြေး ကောက်ခံတာကို ကန်ကွက်ခဲ့ပြီး ပြီးခဲ့တဲ့လမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ထံ ကန့်ကွက်တိုင်တန်းစာ ပို့ခဲ့ကြောင်း၊ အဲဒီနောက်မှာ အခုလို အဖမ်းခံရတာဖြစ်ကြောင်း ကိုမြင့်နိုင်က ပြောပြပါတယ်။
ဦးထွန်းအေးအမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးဖို့ ရှေ့နေများကွန်ယက်ကို အကူညီ တောင်းခံသွားမယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမြင့်နိုင်က ပြောပါတယ်။