Asia World ရဲ့ ပိုင်နက်ကျူးလွန်မှုစွဲချက် လယ်သမားတွေဘက်က မကျေအေး


2013.12.27

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာက လယ်သမား ၂၃ ဦးကို Asia World ကုမ္ပဏီက ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှုနဲ့ တရားစွဲထားတာကို ကုမ္ပဏီဘက်ကရုတ်သိမ်းပေးပြီး တရားရုံးမှာကျေအေးခဲ့ပေမဲ့ လယ်သမားတွေက အမှုကိုဆက်လက်ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ဒီနေ့ တောင်ဒဂုံမြို့နယ် တရားရုံးချိန်းမှာ ကုမ္ပဏီဘက်က တရားစွဲထားတာကို ရုတ်သိမ်းလွှာတင်ထားတာကြောင့် အမှုကျေအေးလွှာမှာ လက်မှတ်ထိုးပေးဖို့ တရားသူကြီးကပြောရာမှာ လယ်သမားတွေဘက်က မကျေအေးနိုင်ကြောင်း တရားစွဲခံထားရတဲ့ လယ်သမား ကိုမြင့်ကျော်က ပြောပါတယ်။

"ဒီနေ့ တတိယပတ်ရုံးချိန်းမှာ တရားသူကြီးက ကုမ္ပဏီဘက်ကနေပြီးတော့မှ ကျေအေးရုပ်သိမ်းလွှာ တင်ပေးမယ် ကျေအေးပေးပါလို့ ပြောတဲ့အခါကျတော့ ကျနော်တို့က မကျေအေးပေးနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို ကုမ္ပဏီက သက်သက်ဒုက္ခပေးခဲ့သလိုပဲ၊ စစွဲစဉ်ကာလကလည်း သူတို့ပဲ၊ ကျနော်တို့က သုံးကြိမ်မြောက် တရားရုံးကိုလာရတယ်၊ တရားလိုဘက်က ဒီကနေ့အထိ ရုံးချိန်းကိုပေါ်မလာသေးဘူး၊ တရားလိုနဲ့ မတွေ့ရဘူး၊ တရားသူကြီးကပဲ ရှင်တို့အမှုကို ဒီနေ့ ကျေအေးရုပ်သိမ်းလွှာတင်မယ်၊ ရှင်တို့ဘက်က ကျေအေးပေးပါပြောတယ်၊ ကျနော်တို့လိုချင်တာက တရားလိုကိုယ်တိုင်ကနေပြီးတော့ ကျနော်တို့လယ်သမားကို ခင်ဗျားတို့ကို ကျနော်တို့ကျေအေးပေးမယ်၊ ကျနော်တို့ မှားယွင်းအမှုစွဲဆိုမိတယ်ဆိုရင်တော့ ကျနော်တို့က ကျေအေးပေးမှာ၊ အဲဒီအတွက် ဒီနေ့ ကျေအေးရုပ်သိမ်းလွှာကို လက်မှတ်မထိုးဘူး"

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး  လယ်သမား ၅၈ ယောက်ပိုင်ဆိုင်တဲ့ လယ်မြေဧက ၄၆၀ ကျော်မှာ Asia World ကုမ္ပဏီနဲ့ ၃ နှစ် အကျိုးတူပူးပေါင်းလုပ်ဆောင်ဖို့ နှစ်ဘက်သဘောတူ လုပ်ကိုင်ခဲ့ကြတာပါ။ သုံးနှစ်ကြာ အကျိုးတူလုပ်ဆောင်ပြီးတဲ့နောက် ဒီနှစ် ဇူလိုင်လမှာ လယ်သမားတွေက ဝင်ရောက်ပြီး လယ်ယာမြေတွေပေါ် ထွန်ယက်စိုက်ပျိုးရာမှာ ကုမ္ပဏီဘက်က ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှုနဲ့ တောင်သူတွေကို တရားစွဲခဲ့ပါတယ်။

တရားစွဲပြီးနောက် လယ်မြေဧက ၄၆၀ ကျော်အတွက် ၁ ဧကကို ၂၅ သိန်းနှုန်းနဲ့ လာမယ့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့နောက်ဆုံးထားပြီး တောင်သူတွေကို လျော်ကြေးပေးမယ်လို့ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ကုမ္ပဏီဘက်က ကတိပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ လယ်သမားတွေက မကျေအေးနိုင်တာကြောင့် လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ချိန်းဆိုထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။