တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး ဥပဒေရေးဆွဲဖို့ ပြင်ဆင်
2013.07.22
လွှတ်တော်မှာ ဆွေးနွေးဖို့ လက်ခံထား တဲ့ တောင်သူလယ်သမား အကျိုးစီးပွားမြှင့် တင်ရေး ဥပဒေကြမ်းမှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ကို ပြန်လည်ပေးအပ်ဖို့ မပါဝင်သလို လျော်ကြေးပေးမယ့် ကိစ္စတွေလည်း မပါဝင်တာကြောင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မယ့် ဥပဒေကိုရေးဆွဲဖို့ ပြင်ဆင်နေ တယ်လို့ တောင်သူလယ်သမားကွန်ရက်အဖွဲ့က ပြောပါတယ်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မယ့် ဥပဒေမူကြမ်း ရေးဆွဲပြီးတဲ့အခါ လွှတ်တော်ထံ တင်ပြသွားမယ်လို့ အဲဒီဥပဒေမူကြမ်းကို ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားကွန်ရက်အဖွဲ့ဝင် ဦးတင်ကိုလင်းက RFA ကို ပြောပါတယ်။
" တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းအပေါ်ကျွန်တော်တို့က ကန့်ကွက်စာတင်ထားတယ်၊ တောင်သူလယ်သမား အကျိုးစီးပွား ဥပဒေမလုပ်မီ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်တဲ့ ဥပဒေကြမ်းကို ကျွန်တော်တို့ဆွဲရမယ်၊ ဥပဒေဆွဲဖို့အတွက်ကို စပြင်နေကြပါပြီ၊ ကျွန်တော်တို့ လယ်သမားတွေရဲ့သဘောထားကို ယူပါ့မယ်၊ ယူပြီးမှ ဥပဒေပညာရှင်တွေ စီးပွားရေးပညာရှင်တွေနဲ့ တောင်သူလယ်သမား ကာကွယ်တဲ့ဥပဒေကို ဆွေးနွေးပြီးတော့ လယ်သမားတွေကိုပြမယ်၊ လယ်သမားတွေကို ပြပြီးတော့မှ ကျွန်တော်တို့ လွှတ်တော်ကိုတင်မှာပါ"
တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်လွှတ်တော်မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားကွန်ရက်က သွားရောက်တွေ့ဆုံပြီး ကန့်ကွက်ကြောင်းနဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်မယ့်ဥပဒေကို ရေးဆွဲမယ့်အကြောင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။