လယ်သမားအကျိုးဆောင်သူ ထောင်ဒဏ် ၃ လ
2011.07.09

လယ်သမားအရေး လှုပ်ရှားသူ ဦးထွန်းအေးကို ပုဒ်မ အကျိုးဖျက်ဆီးမှု၊ ပိုင်နက်ကျူးလွန်မှု (၄၂၇)၊ ပုဒ်မ (၄၄၇) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်သူများ ကွန်ရက်က ကိုမြင့်နိုင်က ပြောပါတယ်။
“ကံကြီးထောင့်မြို့နယ် တရားသူကြီး ဒေါ်ဖြူဖြူခိုင်ကနေ ထောင် ၃ လ ချလိုက်ပါတယ်။ မနေ့က ၁၂ နာရီ ကျော်လောက်မှာပါ။ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်ကနေ ၁၅ ယောက်လောက် ပုသိမ်နဲ့ ကံကြီးထောင့်ကို စက်ဘီးတွေနဲ့ သွားကြတယ်။ ရင်ဘတ်မှာ ဆရာစံရဲ့ ရုပ်ပုံတွေ ထိုးပြီး သွားကြတယ်။ ရုံးမှာ လယ်သမားတွေလည်း လာပြီး နားထောင်ကြတာ တွေ့တယ်”
လယ်သားအရေး ဆောင်ရွက်သူတွေနဲ့ လယ်သမားတချို့က ဦးထွန်းအေးကို တရားရုံးမှာ သွားရောက် အားပေးခဲ့ကြပါတယ်။
ဦးထွန်းအေးဟာ ပြီးခဲ့တဲ့လက လယ်တဧကကို ၅ ရာကျပ် ကောက်ခံတာကို ဦးဆောင် ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။ ၂ဝဝ၇ ခုနှစ်က ငွေရှင်တဦးထံကနေ စိုက်ပျိုးစရိတ် ချေးငွေအတိုး ပြန်လည်ပေးဆပ်ရာမှာ မပြည့်မီတဲ့အတွက် လယ်ကို တနှစ်လုပ်ကိုင်ခွင့် ငွေရှင်အား ခွင့်ပြုခဲ့ရာကနေ ဦးထွန်းအေးရဲ့ လယ်မြေတချို့ကို ငွေရှင်နဲ့ ပိုင်ဆိုင်မှု အငြင်းပွားခဲ့ပါတယ်။ သူ့ကို ငွေရှင်က ပုဒ်မ ၄၂၇၊ ၄၄၇ တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ကိုမြင့်နိုင်ကပဲ အခုလို ရှင်းပြပါတယ်။
“၂ဝဝ၇ ခုနှစ်မှာ ကိုအောင်ဌေး ဆိုတာ တရားလိုဆီက ၈ သိန်း ချေးတာ။ ပြန်ဆပ်မယ်ဆိုတော့ ၁၄ သိန်း ပြန်ဆပ်ရတယ်။ အဲဒီအချိန်မှာ ၂ဝဝ၈ နာဂစ် ဖြစ်တော့ နွေစပါးတွေလည်း သိပ်မကောင်းတော့ မဆပ်နိုင်တော့ဘူး။ ဒါတောင် ၁၂ သိန်း ဆပ်လိုက်သေးတယ်။ ကျန်တဲ့ ၂ သိန်းကို သီးစားခ တနှစ်လုပ်ဆိုပြီး ပေးလိုက်တာ”
ဒီအမှုကို တရားရုံးက ပထမ တကြိမ် ပ,လပ်ခဲ့ပေမယ့် ဒုတိယအကြိမ် ပြန်လည်စွဲဆိုပြီး ထောင်ချခဲ့တာပါ။ အခုအခါ ဦးထွန်းအေးကိုထောင်ချရုံတင်မက ဇနီးဖြစ်သူ ဒေါ်ထွန်းကြည်ကိုလည်း အလားတူပုဒ်မ ၄၂၇၊ ၄၄၇ နဲ့ပဲ ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သိရပါတယ်။
ဦးထွန်းအေးနဲ့ ဒေါ်ထွန်းကြည် ဇနီးမောင်နှံဟာ ကံကြီးထောင့်မြို့နယ်၊ ထိန်တောကြီးအုပ်စု၊ ဗမာစုကျေးရွာက လယ်သမားတွေ ဖြစ်ကြပါတယ်။