တိုင်းပြည်တည်ငြိမ်အေးချမ်းရေး တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်
2013.12.05

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားအားလုံး တစ်ဦးနဲ့တစ်ဦး မေတ္တာ တရားထားပြီး ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း မနေ့က စတင်ကျင်းပတဲ့ မြန်မာနိုင်ငံ နှစ်ချင်းခရစ်ယာန် အနှစ် ၂၀၀ ပြည့်အခမ်းအနားမှာ ခရစ်ယာန်ဘာသာရေး ဆရာတော်တွေက တိုက်တွန်းပြော ကြားခဲ့ပါတယ်။
အဲဒီ ဆုတောင်းပွဲ အခမ်းအနားကို မနေ့က ရန်ကုန်မြို့ အလုံမြို့နယ် ရန်ကုန်ကရင်နှစ်ချင်း ခရစ်ယာန် သာသနာဝင်းအတွင်းမှာ ကျင်းပရာမှာ ဆရာတော် စောမာဂေကြီးက တိုက်တွန်း ပြောဆိုခဲ့ တာပါ။
“မိမိတို့ရဲ့ဘာသာနဲ့ အထွဋ်အမြတ် တရားတွေကို သွန်သင်ပြီးတော့ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားများ အားလုံးဟာ ဘာသာတရားနဲ့အညီ ချစ်ချစ်ခင်ခင် နေထိုင်ပြီးတော့ ဘာသာတရားရဲ့ ဆုံးမသွန်သင်ချက်နဲ့အညီ နိုင်ငံရဲ့တည်ဆောက်ရေး လုပ်ငန်းမှာ အားလုံးပါဝင်ကြမယ်ဆိုရင်တော့ ကျနော်တို့မျှော်မှန်းတဲ့ ခေတ်မီဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို မကြာခင် တည်ဆောက်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်”
မစ္စတာဂျက်ဆင်ခေါ် ဆရာကြီးယုဒဿန်က နှစ်ချင်းခရစ်ယာန်ဘာသာကို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က စတင်ပြုစုပျိုးထောင်ခဲ့ပါတယ်။
မနေ့က စတင်ကျင်းပတဲ့ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ အပါအဝင် အစိုးရအဖွဲ့ ဝင်တွေ ၊ ပြည်တွင်း ပြည်ပက နှစ်ချင်းခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံဒေသ အနှံ့အပြားက နှစ်ချင်းခရစ်ယာန်ဘာသာဝင်တွေ တက်ရောက်ကြပါတယ်။
နှစ်ချင်းခရစ်ယာန် နှစ် ၂၀၀ ပြည့်ပွဲကို လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။