တပ်မတော်နဲ့ ပူးပေါင်းရေး တိုင်းရင်းသား လက်နက်ကိုင်တွေ ဆွေးနွေး
2016.08.03

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့ အစိုးရတပ်မတော်တို့ ပူးပေါင်းနိုင်မည့် ပြည်ထောင်စု တပ်မတော်တရပ် ဖြစ်ပေါ်လာဖို့ နည်းလမ်းရှာတဲ့အနေနဲ့ NCA အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့က ခေါင်းဆောင်ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံတကာတတ်သိပညာရှင်တွေနဲ့ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။
မြန်မာနိုင်ငံ လုံခြုံရေးစနစ်များနဲ့ အာဏာခွဲဝေမှု တည်ဆောက်ခြင်းဆိုင်ရာ ခေါင်းစဉ်နဲ့ ဆွေးနွေးနေတာနဲ့ ပတ်သက်ပြီး ဒီဆွေးနွေးပွဲ တက်ရောက်နေတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင်း က အခုလို ပြောဆိုပါတယ်။
"ဖက်ဒရယ် ယူနီယံ လုံခြုံရေးစနစ်တစ်ခုကို ဘယ်လိုတည်ဆောက်ကြမလဲ ဒီဥစ္စာက အရေးကြီးတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ်ကလည်း ဒီလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ကလည်း ကျနော်တို့ ဒီလိုဖြစ်ချင်တယ်ဆိုပြီးမှ ပြောနေကြတယ်၊ ပြည်ထောင်စု တပ်မတော်ဆိုတာလည်း ဒီလိုဖြစ်ရမယ် လို့ပြောတယ်၊ ဒီတပ်မတော်ကလည်း အခု ပြောနေတာက ဘာလဲဆိုရင် ကျနော်တို့ တပ်မတော် ပြည်ထောင်စု တပ်မတော်ဖြစ်ပြီးပြီး ဘာဖြစ်လို့လည်းဆိုတော့ လူမျိုးစုတွေအားလုံး ပါဝင်နေကြတာပဲလို့ ဖြစ်နေတယ်၊ အဲ့တော့ သူတို့က သူတို့ရဲ့ ရပ်တည်ချက်က တဖက်နဲ့တဖက်က အခု လောလောဆယ် နှစ်ဖက်စလုံးက သဘောတူနိုင်တဲ့ ပုံစံကို မရနိုင်တဲ့အခြေအနေရှိနေတယ်၊ အဲ့ဒီတော့ ဒီအခြေအနေရှိနေသမျှ ကာလပတ်လုံးကတော့ ငြိမ်ချမ်းရေးရဖို့ဆိုတာ တော်တော်ကြီးကြာ ဦးမှာကိုး၊ ဒီတော့ တဖက်ကလည်း နိုင်ငံရေးမှာ ဖက်ဒရယ်ယူနီယံဆိုတာကို စေ့စပ်ဆွေးနွေးသ လို နောက်တဖက်ကလည်း စစ်ရေး လုံခြုံရေးအရလည်း တပ်မတော်တစ်ခုတည်း ဖြစ်တည်ရေးဆိုတာ ကို သူတို့က ဘယ်လိုချီတက်ကြမလဲဆိုတာကို ဘယ်နည်းနဲ့မဆို ဆွေးနွေးရမှာကိုး၊ အဲ့ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ကိုယ့်အတွက် အကောင်းဆုံး ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို ဆုံးဖြတ်ကြရ မှာပေါ့နော်"
ဒီကနေ့ ဆွေးနွေးပွဲမှာ တပ်မတော်အပါအဝင် အရင်က တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့တွေအကြား ဘယ်လိုပေါင်းစည်းကြမလဲ၊ ပေါင်းစည်းရာမှာလည်း လက်နက်ချတာမျိုးမဟုတ်သလို တဖက်ကနေ အခြားတဖက်ကို မှီခိုတာမျိုး အောက်ကြို့တာမျိုးမဟုတ်ဘဲနဲ့ ဘယ်လိုပေါင်းစည်းကြမလဲဆိုတာတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရတပ်မတော်တို့ ပြည်ထောင်စု တပ်မတော်ဖြစ် လာအောင် ဘယ်လိုတူညီတဲ့ပုံစံမျိုး ဆွေးနွေးသဘောတူညီနိုင်ကြမလဲ ဆိုတာတွေကို စတင်လုပ်ဆောင်နိုင်ဖို့ နဲ့ နောက်ထပ်တဆင့်အဖြစ် လက်ရှိရှိနေတဲ့ အနေအထားကနေပြီး သဘောတူထားတဲ့ပုံစံကို ဘယ်လိုဆက် အကောင်အထည်ဖော်သွားကြမလဲ ဆိုတာတွေကို ဆွေးနွေးသွားကြဖို့ရှိတယ်လို့လည်း သိရပါတယ်။
သြဂုတ်လ ၆ ရက်နေ့အထိ ကျင်းပမည့် ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်တဲ့ မူဘောင်အမြင်သဘောထားများ၊ အတားအဆီးများနဲ့ အလားအလာ ရှိသည်များကိုဖြေရှင်းနည်းကိစ္စရပ်များ၊ ဖက်ဒရယ် လုံခြုံရေးစနစ်နဲ့ စည်းမျဉ်းစည်းကမ်းကိစ္စရပ်များ၊ တပ်မတော်ရဲ့ အကျိုးစီးပွားနဲ့ စိုးရိမ်မှုများကို ဆွေးနွေး သုံးသပ်ပြီး မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို ရှာဖွေသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တဆက်တည်းမှာပဲ နီပေါနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ယူဂိုစလားဗီးယားနိုင်ငံတွေက ဖြစ်ပွားခဲ့တဲ့ ပဋ္ဋိပက္ခ အခြေအနေတွေကိုလည်း နိုင်ငံတကာတတ်သိပညာရှင်တွေက နိုင်းယှဉ်သုံးသပ်ဆွေးနွေးပြီး လုံခြုံရေးဆိုင်ရာ ဦးစားပေး ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးသွားကြဖို့ရှိတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နဲ့ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA က ခေါင်းဆောင် ကိုယ်စားလှယ် ၃၀ နီးပါး တက်ရောက် ဆွေးနွေးနေကြပါတယ်။