ဖွဲ့စည်းပုံပြင်ရေး လူငယ်တွေ ဆွေးနွေး
2016.07.30

ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံ ၄ ရက်မြောက်နေ့မှာ တိုင်းရင်းသားဒေသအတွင်း အများဆုံးဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ ညီလာခံ ၄ ရက်မြောက်နေ့အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ညီလာခံရဲ့ ဦးဆောင်ကော်မတီဝင် တအောင်းကျောင်းသားနဲ့ လူငယ်အဖွဲ့က ကိုခွန်ဦးက ပြောပါတယ်။
"ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ကိစ္စလေးတွေပါမယ်၊ ကျနော်တို့ တိုင်းရင်းသားဒေသထဲမှာ အများဆုံးဖြစ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာကိစ္စလေးတွေက တော်တော်များ များတူနေတဲ့ ပြဿနာဖြစ်နေတာပါ"
ဒီကနေ့ ဆွေးနွေးပြီးစီးခဲ့တဲ့ အချက် ၆ ချက်ထဲမှာ တိုင်ရင်းသားတွေ ဆုံးရှုံးနေတဲ့ အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ညီလာခံကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ တက်ရောက်ခဲ့ပါတယ်။
တိုင်းရင်းသားလူငယ်များညီလာခံကို တိုင်းရင်းသားလူငယ် ၆ဝဝ ဝန်းကျင် တက်ရောက်ဆွေးနွေးနေတာ ဖြစ် ပါတယ်။
ညီလာခံကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က စတင်ကျင်းပနေတာဖြစ်ပြီး မနက်ဖြန် ညီလာခံနောက်ဆုံးနေ့မှာ ၆ ရက်အတွင်း ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။