တိုင်းရင်းသားတွေ ချင်းမိုင်မှာ ဆွေးနွေး
2016.06.01
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးကော်မတီ က စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဇွန်လ ၃ ရက်နေ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့ ချင်းမိုင်းမြို့မှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုအဖွဲ့ရဲ့ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ် က ပြောပါတယ်။
"ပေးပို့လာတဲ့စာအရဆိုရင်တော့ သူတို့အနေနဲ့ လာမည့် ၃ ရက်နေ့မှာ တွေ့ဆုံချင်တယ်လို့ အဲ့သလို ရေးထား ပါတယ်၊ တစ်စောင်ကတော့ ရိုးရိုးအီးမေးလ်နဲ့ ပေးပို့သူမရှိပေါ့နော် နာမည် မပါပါဘူး၊ ဒုတိယ တစ်စောင် ကတော့ ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင် လက်မှတ်နဲ့ပေါ့နော်၊ ထပ်လောင်းပြီး အကြောင်းအရာတူပါတဲ့ အီးမေးလ်တစ်စောင် ထပ်ပို့ပါတယ်၊ သူတို့ကတော့ ဒီ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ အနေနဲ့ ကျနော်တို့ တွေ့ချင်တယ်ပေါ့၊ ဒါပဲပြောတယ် ဘာကိစ္စ ဆွေးနွေး ချင်တယ်ဆိုတာတော့ မပြောဘူးပေါ့နော် ဆိုတော့ အထူးသဖြင့် NCA လက်မှတ် မရေးထိုးထားသေးတဲ့ ဒီအဖွဲ့အစည်းတွေကိုပေါ့နော်၊ ခေါင်းဆောင်တွေ နဲ့ တွေ့ချင်ပါတယ်ဆိုတဲ့ သဘောပေါ့၊ ဘယ်အဖွဲ့အစည်း ဘယ်သူဘယ်ဝါရယ်လို့တော့ ညွန်းဆိုထားတာတော့ မပါပါဘူး ကျနော်တို့ တရားဝင်လည်း စာပြန်ကြားပြီး ဖြစ်ပါတယ်"
ဒီအတောအတွင်းမှာပဲ ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်ဆစ်နဲ့ KIO ဒု က္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တစ်နေရာ မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲဟာ အလွတ်သဘော ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ RCSS အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က RFA ကို ပြောဆိုပါတယ်။
"KIO ဒုဥက္ကဌ ဖြစ်တဲ့ ဗိုလ်ချူပ်ကြီး အင်ဘန်လ ကတော့ တိုက်ပွဲမဖြစ်တာကို သူက မေတ္တာရပ်ခံတာပေါ့နော် မဖြစ်ကြအောင်ပေါ့။ အဲ့ဒါကတော့ အကောင်းဆုံးပါပဲပေါ့ ဒီဘက်ကလည်း ကျနော်တို့က ဥက္ကဌကြီးက ပြန်ပြော တယ် တိုက်ပွဲ မဖြစ်တာကတော့ ကောင်းတာပေါ့တဲ့၊ ဒါပေမဲ့ သူတို့က လာမတိုက်တာက ပိုကောင်းတယ်၊ သူတို့က လာတိုက်နေလို့တိုက်ပွဲ ဖြစ်ရတာပဲ ဖြစ်တယ်တဲ့ KIO ဥက္ကဌ က ပြောပါတယ်၊ ဒီ UNFC ဥက္ကဌ ပေါ့နော်၊ ခုချိန်မှာ သူကလည်း နားလည်တာပေါ့နော်၊ ပဋ္ဋိပက္ခ ဖြစ်တဲ့ကိစ္စ အခုအချိန်မှာ သူ့နယ် ကိုယ့်နယ်လို့မပြောဘဲနဲ့ အတူတူ နေထိုင်တဲ့ နည်းလမ်းကို ရှာလို့ရရင်တော့ အကောင်းဆုံးပဲပေါ့ အဲ့ဒါကိုလည်း ကျနော်တို့က မငြင်းပါဘူး။ ပိုကောင်းတာပေါ့ အရင်တုန်းကလည်း အတူတူနေခဲ့တာပဲ၊ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးနိုင်အောင်တော့ ဆောင် ရွက်ပေးရင်တော့ ပိုကောင်းတာပေါ့ ဆိုပြီးတော့ ကျနော်တို့ကလည်း အဲ့လို ပြန်ပြောပါတယ်၊ အဓိကတော့ ဒီကိစ္စပါပဲ"
ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ လည်းဖြစ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ လည်းဖြစ်တဲ့ ဒုဗိုလ်ချူပ်ကြီး အင်ဘန်လကတော့ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF နဲ့ အမြန်ဆုံး တွေ့ဆုံဖြေရှင်းကြဖို့ တိုက်တွန်းခဲ့ပြီး တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဘယ်လိုလုပ်ဆောင်သင့်တယ် ဆိုတာတွေကိုလည်း အမြင်တွေဖလှယ်ခဲ့ကြတယ် လို့ သိရပါတယ်။