တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်လာရေး UNA နဲ့ အပစ်ရပ် ၈ ဖွဲ့ ဆွေးနွေး
2015.11.20

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်တွေဟာ လက်ရှိအစိုးရလက်ထက် မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ပြီး လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီနေ့ ရန်ကုန်မြို့က မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်မှာရှိတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ UNA အဖွဲ့ဝင် ဦးအေးသာအောင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်း အခုလို ပြောပါတယ်။
"လက်ရှိအပစ်ခတ်ရပ်စဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ချက်နဲ့ NCA လက်မှတ်ထိုးရတဲ့ အကြောင်း၊ အထူးသဖြင့် လက်ရှိအစိုးရလက်ထက်မှာ NCA လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲလုပ်ချင်တဲ့ အကြောင်း လုပ်ပြီးတဲ့နောက်ပိုင်းမှာ ကျန်တဲ့အဖွဲ့တွေပါလာဖို့ ပြီးတော့ နောက်တက်လာတဲ့အစိုးရက ဒီ NCA လက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ စတင်ခဲ့တဲ့ကိစ္စရပ်များကို ဆက်ပြီးတော့လုပ်သွားနိုင်ဖို့ ဒီအဖွဲ့ရဲ့ သဘောထားကို ရှင်းပြတာပါ"
ဒီနေ့ တွေ့ဆုံမှုဟာ အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံး တွေ့ဆုံတာဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေ၊ စစ်ဘေးဒုက္ခသည်တွေ အခြေအနေကို လည်း ဆွေးနွေးကြတယ် လို့ သိရပါတယ်။
UNA အဖွဲ့ခေါင်းဆောင်တချို့ဟာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ အတွက် တိုင်းရင်းသားအခွင့်အရေးနဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကိစ္စတွေကို လွှတ်တော်ထဲမှာ တခြားနိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမယ့်ကိစ္စတွေကိုလည်း ပြောဆိုကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF စတဲ့ အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ် ၂၀လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။