အမျိုးသမီး တန်းတူအခွင့်အရေး ရရှိရေး ဆွေးနွေးပွဲကျင်းပ


2013.10.03
gender-equal-305.jpg နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ အောက်တိုဘာလ ၃ ရက်နေ့ ကကျင်းပသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျုဟာစီမံကိန်းဆွေးနွေးပွဲ တက်ရောက် လာသူများကို တွေ့ရစဉ်
photo: 88 Facebook

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းဆွေးနွေးပွဲတစ်ခုကို နေပြည်တော်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကနေ မဟာဗျူဟာစီမံကိန်း စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မတီကနေ မြန်မာနိုင်ငံမှာကျင့်သုံးမယ့် ကျား-မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲနိုင်ဖို့အထိ ဆောင်ရွက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုပြဿနာကိုလည်း ထည်သွင်းဆွေးနွေးခဲ့တယ်လို့ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးကွန်ရက်အဖွဲ့က ဒေါ်မေစပယ်ဖြူ  ကပြောပါတယ်။

ဒီအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းထဲမှာ အဓိကလုပ်ငန်းနယ်ပယ် ၁၂ ရပ်ပါပါတယ်၊ အဲဒီအထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုဆိုတာ အဓိကလုပ်ငန်းနယ်ပယ် ဧရိယာတစ်ခုအနေနဲ့ ပါဝင်ပါတယ်၊ အဲဒီလူကုန်ကူးမှုတို့ ဘာတို့ဟာလည်း အမျိုးသမီးတွေကို အကြမ်းဖက်မှု ပုံသဏ္ဍန်တွေအများကြီးထဲက တစ်ခုဖြစ်ပါတယ်၊ အမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ လူကုန်ကူးခံရမှုတွေကို ကျမတို့က ဒီမဟာဗျူဟာစီမံကိန်းထဲမှာ အဓိကဆောင်ရွက်ရမယ့် လုပ်ငန်းနယ်ပယ်ကြီးတစ်ရပ်အနေနဲ့ ကျမတို့ တရားဝင်ထည့်သွင်းပြီးတော့ ဦးစားပေးဆောင်ရွက်သွားမှာပါ”

ကျားမခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ပေမယ့်၊ လက်တွေ့အကောင်အထည်ဖော်ဖို့ အားနည်းနေသေးတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်း၊ တရုတ်နိုင်ငံတွေနဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးထားတဲ့အတွက် အမျိုးသမီးငယ်တွေကို အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီနဲ့ ပြည်ထောင်စု ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးရေးရာကော်မတီ တာဝန်ခံတွေဖြစ်တဲ့ မမီးမီးနဲ့ မနီလာသိန်း၊ ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်နဲ့ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ ပြည်တွင်း၊ ပြည်ပအမျိုးသမီးရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။