ဖမ်းဆီးခံ သတင်းသမားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ နိုင်ငံတကာ သံတမန်တွေတောင်းဆို

စောဖိုးခွား
2021.05.03
ဖမ်းဆီးခံ သတင်းသမားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ နိုင်ငံတကာ သံတမန်တွေတောင်းဆို ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်မှာ ဆန္ဒပြပွဲ သတင်းယူနေရင်း ဖမ်းဆီးခံခဲ့ရပြီးနောက် ဒီနေ့ထိ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနောင်းသတင်းထောက် မကေဇွန်နွေး
Photo- AFP

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းသမားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ မေလ ၃ ရက် ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မှာ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံး ၁၈ ရုံး ကိုယ်စားပြု သံတမန် အဖွဲ့အစည်း တွေက တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ သတင်းမီဒီယာသမား ၈၀ ကျော် ဖမ်းဆီးခံထားရပြီး၊ အဲ့ဒီထဲက တဝက်ကျော်ဟာ ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ သံရုံးတွေစုပေါင်း လက်မှတ်ထိုးထုတ်ပြန်တဲ့ တောင်းဆိုစာမှာဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးမှာ အင်တာနက် ပိတ်ဆို့ထားတာတွေကို စစ်ကောင်စီဘက်က အမြန် ပြန်ဖွင့်ပေးဖို့ တောင်းဆိုထားပြီး မြန်မာသတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်အတွက် ဒီသံတမန်အသိုင်းအဝိုင်းတွေက ဆက်လက်အားပေးသွားမယ်လို့လည်းဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က သတင်းမီဒီယာတွေကို ထုတ်ဝေခွင့်ပိတ်သိမ်းတာ၊ ဖမ်းဆီးထောင်ချတာ၊ သတင်းရုံးခန်းတွေကို ဝင်စီးတာ စတဲ့အခက်အခဲ မျိုးစုံကြားကနေ သတင်းမှန်တွေသိအောင် တင်ပြနေကြတဲ့သူတွေကိုလည်း ဂုဏ်ပြုကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်။

ကြေညာချက်ကို ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယားသမ္မတနိုင်ငံ၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲထုတ်ပြန်တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ သတင်းသမား ၈၀ ကျော်ဖမ်းဆီးခံထားရပြီး RFA က ပြုစုထားတဲ့သတင်းအချက်အလက်တွေအရ ဖမ်းဆီးခံထားရတဲ့ထဲက သတင်းသမား ၄၄ ယောက်ဟာ ထောင်တွင်းကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)အပါအဝင် တခြားပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။