ပြည်ပ ကြိုတင်မဲ သံရုံးတွေ စတင် ကောက်ယူ
2015.06.28

လာမယ့်၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်ပမှာ ရောက်နေတဲ့ မဲပေးနိုင်သူ လူဦးရေ စာရင်းတွေကို ကြိုတင် မဲ ပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က သံရုံးတွေကနေတစ်ဆင့် စတင် ကောက်ယူနေပါတယ်။
ပြည်ပမှာရှိနေတဲ့ မဲဆန္ဒရှင်တွေအတွက် ကြိုတင်မဲပေးနိုင်အောင် လူဦးရေစာရင်း စတင် ကောက်ယူနေတာ ဖြစ် တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို က ပြောပါတယ်။
"မဲပေးတဲ့အချိန်ကျရင် သူတို့အဆင်ပြေအောင် ပြည်ပမှာရှိတဲ့လူရဲ့စာရင်းကို နိုင်ငံခြား ရေးဌာနက ပို့ပေးလို့ အဲ့ဒါတွေစစ်ဆေးတာဖြစ်ပါတယ်၊ မဲပေးတဲ့ အချိန် ပြည်ပကြိုတင်မဲ ပေးတဲ့အခါကျတော့ ဒါတွေက အဆင် သင့်ကော်မရှင်လက်ထဲမှာရှိ နေမယ်လေ၊ ပြည်ပ ရောက်နေတဲ့သူတွေ ဘယ်သူတွေ ဆိုတာ ကော်မရှင်က သိထားဖို့ပါပဲ၊ သူတို့ကလည်း သာမန်မဲစာရင်းထဲမှာ သူတို့ပါတယ်လေ၊ အခုပြုစုနေတဲ့ အခြေခံမဲစာရင်းထဲမှာ သူတို့ ပါပြီးသား၊ အဲ့ထဲက ဘယ်သူကနိုင်ငံခြားကိုရောက်နေတယ်ဆိုတာ နိုင်ငံခြားရေး ဝန်ကြီးကပေးတဲ့ လိပ်စာနဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ မှတ်သားထားပါတယ်"
ရွေးကောက်ပွဲကျင်းပမယ့်အချိန် နိုင်ငံပြင်ပမှာရောက်နေတဲ့ သံတမန်တွေ၊ ပညာတော် သင်တွေနဲ့ မိသားစုဝင်တွေ၊ အစိုးရရဲ့ခွင့်ပြုချက်နဲ့ နိုင်ငံပြင်ပရောက်ရှိနေတဲ့ သူတွေရဲ့ လူဦးရေစာရင်းတွေ ရယူနေတာ ဖြစ်တယ်လို့ဆိုပါတယ်။
ပြည်ပမှာရှိနေတဲ့မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲစာရင်းတွေကို ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျ ကြေညာပြီး မှသာ ကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။