ရွေးကောက်ပွဲရလဒ် လက်ခံကြဖို့ စောင့်ကြည့်လေ့လာသူတွေ တိုက်တွန်း

2021.01.29
ရွေးကောက်ပွဲရလဒ် လက်ခံကြဖို့ စောင့်ကြည့်လေ့လာသူတွေ တိုက်တွန်း ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ အထွေအထွေရွေးကောက်ပွဲမှာ လားရှိုးမြို့နယ်က မဲရုံတစ်ခုမှာ မဲများရေတွက်နေစဉ်
ဓာတ်ပုံ - ကံသာ/ RFA

တပ်မတော်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီး အာဏာလွှဲပြောင်းရေးဖြစ်စဉ် ချောမွေ့အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၂ ဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းတွေမှာ အားနည်းချက်တွေ ရှိခဲ့တဲ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်တွေကြောင့်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ အားနည်းချက်တွေရှိခဲ့တာကို လေ့လာတွေ့ရှိခဲ့တယ်လို့ ဒီအဖွဲ့ ၁၂ ဖွဲ့က ကြေညာချက် ဖော်ပြထားပါတယ်။ ဒီလိုအားနည်းချက်တွေရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်တွေဟာ မဲဆန္ဒရှင်အများစုရဲ့ သဘောထားနဲ့အညီ ရရှိလာတဲ့ ရလဒ်ဖြစ်တယ်ဆိုတာကိုလည်း လေ့လာတွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အားနည်းချက်တွေကို သင်ခန်းစာယူပြီး နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးညှိနှိုင်းပြီး ပြင်ဆင်တာကသာ နောင်အနာဂတ် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပိုမို ကောင်းမွန်လာမှာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်တွေကစလို့ ရွေးကောက်ပွဲအလွန်ကာလ အထိ စောင့်ကြည့်လေ့လာခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲများဆိုင်ရာပံ့ပိုးရေးကွန်ရက်အဖွဲ့ (MYNFREL)၊ နယူးမြန်မာဖောင်ဒေးရှင်း၊ ဖန်တီးအိမ် စတဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၂ ဖွဲ့က ကြေညာချက်ထုတ်လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။