၅လကျော်အတွင်း သွေးလွန်တုပ်ကွေးကြောင့် ၁၂ယောက် သေဆုံး


2019.06.20
flu-622.jpg တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူနေရတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/RFA

သွေးလွန်တုပ်ကွေးရောဂါကြောင့် ၅လကျော်အတွင်း တစ်နိုင်ငံလုံးမှာ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒေါက်တာ ဒေါ်နေရီရီလင်း က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ဇွန်လ ၁၅ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာဆိုရင် သေဆုံးသူ ရှစ်ဦးရှိတယ်လို့ ဒေါက်တာဒေါ်နေရီရီလင်း က ပြောပါတယ်။

ရောဂါဖြစ်ပွားသူ ၃ ထောင်ကျော်ဖြစ်ပွားပြီး ၁၂ ဦး သေဆုံးခဲ့တာပါ။ ရန်ကုန်တိုင်းမှာ ၇၀၀ နီးပါးလောက်ဖြစ်ပွားပြီး ၈ ဦးသေဆုံးခဲ့ကာ အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ဒုတိယနဲ့ ဧရာဝတီတိုင်းက တတိယ ဖြစ်နေပါတယ်။

မိုးရာသီကာလရောက်လာပြီဖြစ်တဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေဖို့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အမျိုးသားမဟာဗျူဟာစီမံချက်နဲ့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် ခြင်ပေါက်ပွားမှုနှုန်းတွေလျော့ကျအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တစ်ခုတည်းနဲ့တင်မဟုတ်ဘဲ စည်ပင်သာယာရေးကော်မတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပညာပေးလုပ်ဆောင်တာတွေလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် လုပ်ဆောင် သွားမယ်လို့လည်း ပြောပါတယ်။

သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးအတွက် စီမံကိန်းချမှတ် လုပ်ဆောင်နေမှုအပေါ် စီမံကိန်းမန်နေဂျာ ဒေါက်တာဒေါ်နေရီရီလင်း က အခုလို ပြောပါတယ်။

‘’ဇွန်လ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် သွေးလွန်တုပ်ကွေးရောဂါဟာ ၃၃၀၉ ဦး ဖြစ်ပြီးတော့ ၁၂ ဦးသေဆုံးပါတယ်၊ ရန်ကုန်မြို့မှာဖြစ်ပွားသူ ၆၉၆ ဦးနဲ့ သေဆုံးသူ ၈ ဦး သေဆုံးပါတယ်၊ သွေးလွန်တုပ်ကွေး ခြင်ကြားကိုက်တာမို့ ကာကွယ်ရေးနည်းလမ်းက အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်း ကလေးတွေမှာ အဖြစ်များတယ်၊ ဒါပေမဲ့လည်း အသက် ၁၅ နှစ်အထက်တွေမှာလည်း အဖြစ်များနေတာမို့ ခြင်ကြားအကိုက်မခံရဖို့လိုပါတယ်၊ နှစ်စကတည်းက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကာကွယ်နှိမ်နင်းရေး အတွက် လိုအပ်တဲ့ကိရိယာတွေ၊ ပညာပေးစာစောင်တွေ ကြိုတင်ပြင်ဆင်ထားဖို့ ဧပြီ မေလ လောက်ကတည်းက မိုးရာသီမလာခင်ကတည်းက ကြိုတင်လုပ်ထားပါတယ် ’’

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စီမံကိန်းတွေ ချမှတ်လုပ်ဆောင်နေသလို ရပ်ကွက်ထဲမှာ၊ နေအိမ်ထဲမှာလည်း ခြင်မပေါက်ပွားအောင် နေထိုင်ကြဖို့အတွက်ကိုလည်း တိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက မောရဝတီကျေးရွာမှာ ရွာလုံးကျွတ်နီးပါး သွေးလွန်တုပ်ကွေးရောဂါဖြစ် ပွားနေတယ်လို့ သတင်းတွေအရသိရပြီး လက်ရှိရခိုင်ပြည်နယ်ထဲမှာတော့ ဖြစ်ပွားသူ နှစ်ရာနီးပါးရှိကာ သေဆုံးသူတော့ မရှိသေးဘူးလို့ ဒေါက်တာဒေါ်နေရီရီလင်း က ပြောပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ ရောဂါလက္ခဏာနဲ့ပတ်သက်ပြီး ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးစောဝင်းက အခုလို သတိပေးပြောထားပါတယ်။

‘’ဖြစ်လို့ရှိရင် သွေးလွန်တုပ်ကွေးဖြစ်တာကို သတိထားမိဖို့၊ နံပါတ် နှစ်အချက်က အဖျားကျပြီး မလန်းမဆန်းဖြစ်ရင် ဆေးရုံကိုအမြန်သွားဖို့ ဖြစ်နိုင်ရင် အဲဒီထက်စောစောစီးစီး ဆေးရုံရောက်နေတာ ပိုကောင်းတယ်ပေါ့ ဒါကြောင့် ကျွန်တော်တော့ ကဗျာလေးလုပ်ထားတယ်ပေါ့ သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဂါထာ ဆိုပြီးတော့ "ရာသီတိုင်းတွင် ဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ်" ဆိုလိုတာကတော့ အဖျားကြီးတယ် မလန်းဆန်းဘူးဆိုရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်ပေါ့၊ "အဖျားကျစဉ်မလန်းလျှင် အစဉ်သတိချပ်ပေါ့" ဆိုလိုတာက အဖျားကျပေမယ့် လည်း မလန်းဆန်းဘူးဆိုရင် ပိုအရေးကြီးတယ်ဆိုတာ သတိထားမိစေဖို့ပေါ့’’

သွေးလွန်တုပ်ကွေးဟာ ကလေးသူငယ်တွေသာ အဖြစ်များတတ်တယ်လို့ အရင်ကယူဆကြပေမယ့်လည်း အခုအခါ အသက်ကြီးတဲ့သူတွေမှာလည်း ဖြစ်ပွားနေတာကိုတွေ့ရတယ်လို့လည်း ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကို အသိပညာပေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက်လုပ်ပေးသင့် တယ်လို့ ကလေးနှစ်ယောက်မိခင် ဒေါ်အိဖြူအောင် က ပြောပါတယ်။

‘’သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းတွေမှာ၊ ရပ်ကွက်တွေမှာ မတွေ့မိသလောက်ပဲ အသိပညာပေး လုပ်တဲ့နေရာမှာပေါ့၊ ဥပမာ ဒေသန္တရတို့ ရပ်ကွက်တို့ကနေ ကြက်ခြေနီတို့ အဖွဲ့အစည်းမျိုးတွေ ဌာနဆိုင်ရာတွေ ကကျတော့ အိမ်တစ်အိမ်ချင်းတစ်အိမ်ချင်း သူတို့လိုက်ပြီးတော့ သူတို့မဆင်းနိုင်ဘူးလေ ဖုန်းသွန်လဲစစ် ကိုပေါ့ ပညာပေးတွေကောင်းကောင်းပေးသင့်တယ်ထင်တယ်၊ အခုဟာက အချက်အလက်တွေ သူတို့ထုတ်ပြန်ရမယ်၊ ဘယ်နေရာတွေမှာ ဘယ်လောက်ဖြစ်နေပြီ ဘယ်လိုကာကွယ်သင့်တယ် ဘယ်လိုလုပ်သင့်တယ်၊ အဲဒါလေးတွေ ကိုတော့ ကြိုတင်ကာကွယ်ဖို့ သတိပေးတာတွေလုပ်သင့်တယ်၊ ကိုယ့်အလုပ်နဲ့ ကိုယ်အလုပ်ရှုပ်နေကြလို့လည်း မေ့နေကြတယ်၊ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးစေချင်တာ အဲဒါမှအဆင်ပြေမှာ’’

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက တစ်ပြည်လုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ၄ သောင်းကျော်ဖြစ်ပွားခဲ့ကာ လူ ၁၄၀ သေဆုံးခဲ့ရပါတယ်။

ဒါကြောင့် ၂၀၁၅ ခုနှစ်ကလို အခြေအနေမျိုး နောက်ထပ်မဖြစ်အောင် လုပ်ဆောင်နေတယ်လို့ ဒေါက်တာဒေါ်နေရီရီလင်းက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။