တက္ကသိုလ်မှာ နိုင်ငံရေးဟောပြောခွင့် တားမြစ်မှု သမဂ္ဂတွေ ကန့်ကွက်


2018.05.30
uta-statement-622.jpg တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီက ၂၀၁၈ မေလ ၃၀ ရက်နေ့ ထုတ်ပြန်တဲ့ကြေညာချက် တစိတ်တပိုင်းကို တွေ့ရစဉ်
.

တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းတွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပခွင့်မပြုကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်နဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီက ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟောပြောပွဲ ဆွေးနွေးပွဲတွေ ကျင်းပခွင့်မပြုလိုက်တာဟာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဆိုတဲ့ အရင်အာဏာရှင်စနစ်ကို ပြန်သွားမလားဆိုတဲ့ စိုးရိမ်စိတ်ဖြစ်မိတယ်လို့ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားရေးရာကော်မတီအဖွဲ့ဝင် ကိုမင်းဟိန်းခန့်က ပြောပါတယ်။

"ကန့်ကွက်တဲ့အကြောင်းအရာက အဓိက နှစ်ချက်ရှိတယ်၊ ပထမအချက်က ပွဲတစ်ပွဲကျင်းပတော့မယ်ဆိုရင် နဂိုတုန်းကဆိုရင် ပါမောက္ခချုပ်ကို စာတင်ရတာ၊ အခုက အဲလိုမဟုတ်တော့ဘူး၊ ပါမောက္ခချုပ်ကို ပွဲနဲ့ပတ်သက်ပြီး အသေးစိတ် ရေးပေးရမယ်။ အဲဒီမှာ ပါမောက္ခချုပ်ကနေတဆင့် အဆည (အဆင့်မြင့်ပညာဦးစီးဌာန) ကို စာထပ်တင်ရမယ်၊ အဆည ကမှ ဒီဟာနဲ့ ပတ်သက်ပြီး သူတို့က သုံးသပ်ပြီးလက်ခံတယ်ဆိုပြီး မှတ်ချက် ပေးပြီးတော့မှ ကြားထဲမှာ အဆင့်တွေက အရမ်းခံသွားတယ်၊ အရင်တုန်းကတောင်မှ အဆင့်တွေအများကြီး လုပ်နေရတာ အခုက အဆည ကိုပါ စာထပ်သွားအုန်းမယ်ဆိုရင် ကျနော်တို့အနေနဲ့ လုပ်ရမယ့်နေရာမှာ အချိန်အတိုင်းအတာအရ ပိုများသွားမယ်၊ နောက်တစ်ချက်က ကျောင်းသားတွေကို နိုင်ငံရေးနဲ့ပတ်သက်ပြီး ဟောပြောပွဲ ပိုမလုပ်ရဘူးဆိုရင်တော့ ဟိုးအရင်တုန်းက အာဏာရှင်စနစ်အရဆို ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူးပြောတယ်။ အခုလည်း ဒီမိုကရေစီ အစိုးရလက်ထက်မှာလည်း နိုင်ငံရေးမလုပ်ရဘူးလို့ ပိုပြီးတော့ ကန့်သတ်ချုပ်ခြယ်လာမယ်ဆိုရင်တော့ အရင်တုန်းက အာဏာရှင်စနစ်ကို ပြန်သွားမလားပေါ့ အဲဒါကို စိုးရိမ်တယ်"

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာနက  ညွှန်ကြားရေးမှူးချုပ် လက်မှတ်နဲ့ သက်ဆိုင်ရာ တက္ကသိုလ် ဒီဂရီ ကောလိပ် ကျောင်းတွေဆီ ညွှန်ကြားချက်တစ်စောင် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

အဲဒီ ညွှန်ကြားချက်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေက ကျောင်းသူ ကျောင်းသားတွေအနေနဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိရင် ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေ ကျင်းပမယ့် ခေါင်းစဉ်နဲ့ လာရောက် ဟောပြောမယ့်သူရဲ့ အမည်၊ ကိုယ်ရေးအကျဉ်း၊ ဖိတ်ကြားမယ့်သူ၊ တက်ရောက်မယ့်လူဦးရေ စတဲ့ အချက်အလက် တွေကိုပါ သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်တွေအပြင် အဆင့်မြင်ပညာဦးစီးဌာနကိုပါ အသိပေး သဘောထားမှတ်ချက် ယူဆောင်ရွက်ဖို့ ပါဝင်ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေဆိုရင်တော့ ကျင်းပဖို့ ခွင့်မပြုကြောင်းလည်း ပါရှိတာဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက နောင်တစ်ချိန်မှာ နိုင်ငံခေါင်းဆောင်ဖြစ်လာမယ့် သူတွေဖြစ်ပြီး အဲဒီလူငယ်တွေကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကို ဆွေးနွေးတိုင်ပင်ခွင့် နှီးနှောဖလှယ်ခွင့် ပိတ်ပင်တာဟာ ဒီမိုကရေစီပညာရေးကို မထိမဲ့မြင်ပြုရာရောက်ကြောင်း အဲဒီညွှန်ကြားချက်ကို ကန့်ကွက်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ တက္ကသိုလ်ဆရာ/ဆရာမအသင်းများ ကိုယ်စားပြုကော်မတီကလည်း တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံရေးဟောပြောတာတွေကို ပိတ်ပင်တာဟာ ပညာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်ပြီး ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို နောက်ပြန်ဆွဲစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီကြေညာချက်ဟာ ဒီမိုကရေစီပညာရေးစနစ်နဲ့ ဆန့်ကျင်ပြီး ဗဟိုချုပ်ကိုင်မှုကို ပိုမိုဖြစ်လာစေတယ် လို့လည်း ဝေဖန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။