မြန်မာပြည်အတွက် အရေးပေါ်ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို ကုလ အရာရှိတောင်းဆို
2025.04.11

မြန်မာနိုင်ငံက ငလျင်ဘေးသင့်ဒေသတွေကို စစ်ကောင်စီက ဆက်လက်တိုက်ခိုက်နေတာတွေ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြားဝင်ဖြေရှင်းဖို့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်သင့်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။
ငလျင်ကြောင့် အကူအညီလိုအပ်နေသူတွေထံ ကယ်ဆယ်ရေးလုပ်ငန်းတွေရောက်ရှိဖို့ အပစ်အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် ဒါဇင်နဲ့ချီပြီး တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုတွေကြောင့် အရေးတကြီးလိုအပ်နေသူအများအပြားထံ အကူအညီတွေမရောက်နိုင် ဖြစ်ခဲ့ရပြီး အခြေအနေတွေကို ပိုပြီး ဆိုးရွားလာစေခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ လုံခြုံရေးကောင်စီက စစ်ကောင်စီကို အရေးယူဆောင်ရွက်မှုကို လိုအပ်ပါတယ်၊ လုံခြုံရေးကောင်စီက စစ်တပ်နဲ့ အတိုက်အခံလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြောင်း နဲ့ ငလျင်ကြောင့် ထိခိုက်ခဲ့သူတွေကို စာနာကြောင်း ဖော်ပြခဲ့တဲ့နောက် စစ်ကောင်စီက စစ်ဆင်ရေး နှစ်ဆတိုး လုပ်ဆောင်လာတဲ့အတွက် အခြေအနေတွေ အလွန် ဆိုးဝါးလာခဲ့တယ်လို့ Tom Andrews က သတိပေး လိုက်ပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူတွေအားလုံး တိုက်ခိုက်မှုတွေရပ်ဆိုင်းဖို့ နဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေး အတားအဆီးတွေ ချက်ချင်းအဆုံးသတ်ဖို့ အတွက် လုံခြုံရေးကောင်စီ အနေနဲ့ အရေးပေါ် ဆုံးဖြတ်ချက်ချ လုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂအေဂျင်စီတွေ၊ အဖွဲ့ဝင်နိုင်ငံတွေ နဲ့ တခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေ ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ မြန်မာလူမှုအဖွဲ့အစည်း တွေ နဲ့ အတူ ပူးပေါင်းလုပ်ဆောင်ရန် လုံခြုံရေးကောင်စီက တိုက်တွန်းဖို့လည်း Tom Andrew က တောင်းဆိုလိုက်ပါတယ်။