ပျော်ဘွယ်မှာ ငလျင်ကြောင့် သေဆုံးသူ နှစ်ရာကျော်အထိ မြင့်တက်လာ
လူအများအပြား ပျောက်ဆုံးနေပြီး သေဆုံးသူဟာ လေးရာနီးပါးအထိ မြင့်တက်လာဖို့ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ယောက်က ပြောပါတယ်။
-
RFA Burmese
2025-03-30 -
-
-
မန္တလေးတိုင်း ပျော်ဘွယ်မြို့ပေါ်ရပ်ကွက် အများစုဟာ မတ်လ ၂၈ ရက် ငလျင်ကြောင့် အဆောက်အအုံတွေ ပြားပြားဝပ်ပြိုလဲခဲ့ပြီး မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းအထိ သေဆုံးသူ နှစ်ရာကျော်ရှိလာကာ ဒဏ်ရာရသူ လေးရာနီးပါးရှိတယ်လို့ ကယ်ဆယရေး လုပ်နေသူတွေက ပြောပါတယ်။
လူအများအပြား ပျောက်ဆုံးနေပြီး သေဆုံးသူဟာ လေးရာနီးပါးအထိ မြင့်တက်လာဖို့ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ကိုယ်တိုင် အလောင်းတွေပတ်ပို့နေတာဗျာ။ ရုပ်အလောင်းပေါင်း နှစ်ရာကျော်သွားပြီ။ ဒဏ်ရာရသူတွေကလည်း ကျွန်တော့်အထင် လေးရာလောက်ကိုရှိတယ်ဗျ။ ဒါပေမဲ့ သူတို့(စစ်ကောင်စီ) ထုတ်ပြန်တာကတော့ နည်းတယ်ဗျ”
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံမီးသတ်ဌာနက ပျော်ဘွယ်မြို့မှာ သေဆုံးသူ ၁၆၁ ဦးရှိပြီး ၁၁၆ ဦးဒဏ်ရာရတယ်လို့ မတ်လ ၃၀ ရက် မနက်က ထုတ်ပြန်ထားပါတယ်။
RFA က ဆက်သွယ်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်နေသူတွေကတော့ မြေပြင်မှာ ဒီထက်ပိုပြီးများတယ်လို့ ပြောပါတယ်။
ပျော်ဘွယ်ဒေသခံတစ်ယောက်ကလည်း ပျော်ဘွယ်ဟာ မြို့ပျက်ကြီးလို ဖြစ်နေတယ်လို့ ပြောပါတယ်။
မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ၁၆၆၄ ဦးသေဆုံးသွားပြီလို့ စစ်ကောင်စီက မတ်လ ၂၉ ရက် ညမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီအပြင် ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။