ဖယ်ဒရယ် ဖွဲ့စည်းပုံအရေး မိုင်ဂျာယန်မှာ ဆွေးနွေး


2016.07.27
eao-day-2-620.jpg တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့က ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပစဉ်
Photo: Ye Htet

မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းအဝေးကို ဒီနေ့ ဒုတိယနေ့ အဖြစ် ဆက်လက်ကျင်းပခဲ့ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးသေး တဲ့ အဖွဲ့တွေ ပူးပေါင်းပြီးကျင်းပတဲ့ ဒီအစည်းအဝေးဟာ ၂၁ ရာစု ပင်လုံညီလာခံအတွက် ပြင်ဆင်တဲ့ ဆွေးနွေးပွဲ လည်းဖြစ်ကြောင်းနဲ့ ဒီနေ့ အစည်းအဝေးမှာတော့ အဓိကအားဖြင့်  ဖယ်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေးကြတယ်လို့ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ကေအဲန် ယူ ဒုတိယဥက္က နော်စီဖိုးရာစိန် က ပြောပါတယ်။

"အစိုးရဘက်က ဘယ်လိုဖက်ဒရယ် ပြည်ထောင်စုပုံစံကို ရည်ညွန်းသည်ဖြစ်စေ ကျမတို့ဘက်က ဘယ်လို ဖယ်ဒရယ် တည်ဆောက်မယ်ဆိုတာ စဉ်းစားလေ့ လာပြီး ပြင်ဆင်ထားပြီးဖြစ်ပါတယ်၊ အဲဒီအတွက်ကြောင့် အစကနေ ပြန်စဖို့ မလိုတော့ဘဲ ၂၀၀၈ ခုနှစ်က ဖယ်ဒရယ်ပြည်ဆောင်စု ဥပဒေကြမ်း ရေးဆွဲရေးနဲ့ ညှိနှိုင်းရေးကော်မတီ FCDCC မှ မူကြမ်းအဖြစ် သဘောတူထားပြီးသော ဖယ်ဒရယ် အခြေခံမူများ အပြင် ၂၀၁၅ ခုနှစ် UNFC မှ ဖြည့်စွက်ထားသော အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ဖြည့်စွက်ပြင်ဆင် မှုလုပ်ပြီး ဒီအစည်းအဝေးက နေ ဖြည့်စွက် အတည်ပြုနိုင်ပါတယ်"

ဒီအစည်းအဝေးကနေ ဘုံသဘောတူညီချက်တစ်ခုရဖို့ မျှော်လင့်တယ်လို့ အစည်းအဝေးကျင်းပရေး ကော်မီတီ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော် က ပြောပါတယ်။

"နိုင်ငံရေးကဏ္ဍ နဲ့လုံခြုံရေး ကာကွယ်ရေး ကဏ္ဍ ၂ခုလုံးဆွေးနွေးမှာဖြစ်ပါတယ်။ဒီခေါင်းစဉ်တွေ အားလုံးကို လည်း ကျနော်တို့က ဘုံသဘောတူညီချက် ရနိုင်တဲ့ အဓိက မူဝါဒ ပိုင်းဆိုင်ရာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ အသေးစိတ်များကိုတော့ မဆွေးနွေးပါဘူး။ အဓိကတော့ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေးမှာ ကာကွယ်ရေး လုံခြုံရေး ပြီးရင် နိုင်ငံတော် တည်ဆောက်ရေးတွေမှာ အားလုံး လက်ခံနိုင်မယ့် ဘုံသဘောတူ ညီချက် ရရှိနိုင်ဖို့ မျှော်လင့်တာပါ"

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။