ထိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ DVB သတင်းထောက်တွေ တတိယနိုင်ငံရောက်ရှိ

2021.06.07
ထိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ DVB သတင်းထောက်တွေ တတိယနိုင်ငံရောက်ရှိ မေလ ၉ ရက်က ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက သတင်းထောက်သုံးဦး။
Photo: Citizen Journalist

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ DVB သတင်းအဖွဲ့သား ငါးယောက်စလုံး တတိယနိုင်ငံကို အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားပြီလို့ DVB က ထုတ်ပြန်ကြေညာပါတယ်။ သူတို့ကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ပြီး သတင်းထုတ်လွှင့်နေတာကြောင့် မေလ ၉ ရက်နေ့က ချင်းမိုင်မြို့မှာ ထိုင်းရဲတွေ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးပြီး ရက်၂၀ ကျော်အကြာမှာတော့ ဒီတကြိမ်ပြစ်မှုအတွက် ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခဲ့ပြီး နောက် တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် ထောင်ဒဏ် ၇ လ ချမှတ်မယ့် ပြစ်ဒဏ်နဲ့ ဘတ်ငွေ လေးထောင်စီကျခံဖို့ ထိုင်းအာဏာပိုင်တွေက ချမှတ်လိုက်တာပါ။

ထိုင်းနိုင်ငံ ဥပဒေတွေအရ တရားရုံးက အမိန့်ချပြီး ၃ ရက်အတွင်း သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့လေ့ရှိပေမယ့် ဒီသတင်းအဖွဲ့ဝင် ငါးဦးကိုတော့ တတိယနိုင်ငံတစ်နိုင်ငံက နိုင်ငံရေး ခိုလှုံခွင့်ပေးလိုက်တာဖြစ်ပါတယ်။

သူတို့ကို တတိယနိုင်ငံက လက်ခံခဲ့တဲ့အပေါ် DVB က ကျေးဇူးတင်ကြောင်းနဲ့ ဘယ်တတိယနိုင်ငံက လက်ခံလိုက်တယ်ဆိုတာကို လတ်တလော DVB က ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သူတို့တွေဟာ အဲ့ဒီတတိယနိုင်ငံကနေ သတင်းလုပ်ငန်း ဆက်လုပ်ကိုင်ကြမယ်လို့ ဆိုပါတယ်။ DVB သတင်းဌာနကို စစ်ကောင်စီက ထုတ်ဝေခွင့်ပိတ်ထားပေမယ့် လွတ်မြောက်နယ်မြေကနေ သတင်းတွေ ဆက်လက်ထုတ်လွှင့်နေပါတယ်။

ပြည်တွင်းမှာ သတင်းထောက် ၅၀ ကျော် လက်ရှိ ထောင်အသီးသီးမှာ ဖမ်းဆီးခံထားရပြီး DVB သတင်းထောက် နှစ်ယောက်လည်း ပါပါတယ်။ အဲ့ဒီ နှစ်ယောက်ကိုတော့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ တပ်ပြီး ထောင်ဒဏ် နှစ်နှစ်နဲ့ သုံးနှစ်စီ ကျခံဖို့ ပြီးခဲ့တဲ့ ရက်တွေမှာ အမိန့်ချထားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းထောက်တွေကို လိုက်လံဖမ်းဆီးပြီး တရားစွဲအကျဉ်းချနေ တာကြောင့် လတ်တလောမှာ သတင်းထောက် အတော်များများ ပြည်တွင်းမှာတိမ်းရှောင်ပြီး သတင်းလုပ်ငန်း ဆက်လုပ်နေကြသလို တချို့ကတော့ ပြည်ပနိုင်ငံတွေကို ထွက်ပြေး လွတ်မြောက်လာပြီး သတင်းလုပ်ငန်းတွေ ဆက်လုပ်နေကြတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ တချို့ကတော့ အလုပ်တွေပြုတ်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။