ထိုင်းမှာ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီသတင်းထောက်သုံးဦး ဆိုင်းငံ့ထောင်ဒဏ် ၇ လစီ ချမှတ်ခံရ

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ- ဒီဗွီဘီ သတင်းဌာနက သတင်းထောက်သုံးဦးနဲ့ နိုင်ငံရေးလှုပ်ရှားသူ နှစ်ဦးကို မေလ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဆိုင်းငံ့ထောင်ဒဏ် ခုနှစ်လနဲ့ ဘတ်ငွေ လေးထောင်စီ အသီးသီးချမှတ်လိုက်တယ်လို့ ဇွန်လ ၁ ရက်နေ့က ထိုင်းအခြေစိုက် Prachatai သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတင်းထောက်တွေအနေနဲ့ တနှစ်အတွင်း ဒီလိုပြစ်မှုမျိုး နောက်တကြိမ်ထပ်ပြီး ကျူးလွန်ရင် ထောင်ဒဏ်ခုနှစ်လ ချမှတ်ခံရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံဥပဒေအရ တရားရုံးက အမိန့်ချပြီး ၇၂ နာရီအတွင်း နိုင်ငံကို ပြန်ပို့နိုင်တယ်လို့ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်းက ရှေ့နေ Nadthasiri Bergman က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ သူတို့ ငါးဦးကို ဘန်ကောက် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ထိန်းသိမ်းထားပြီး သူတို့ရဲ့ ရှေ့နေတွေကတော့ အာမခံရဖို့အတွက် ကြိုးစားညှိနှိုင်းနေတယ်လို့လည်း ဆိုပါတယ်။
ဒီဗွီဘီ သတင်းထောက်သုံးဦးနဲ့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူ နှစ်ဦးကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ မေလ ၉ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ချင်းမိုင်မြို့မှာ ဖမ်းဆီးခဲ့တာပါ။ သူတို့ ၅ ဦးဟာ ဒီဗွီဘီအပါအဝင် ပြည်တွင်းမီဒီယာငါးခုကို စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်သိမ်းလိုက်ချိန်မှာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း နေအိမ်တစ်ခုမှာ ခိုလှုံနေချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းထောက် ၈ဝ ကျော်ရှိနေပြီး အဲ့ဒီအထဲက မတ်လ ၃ ရက်နေ့က ပြည်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးသွားတဲ့ ပြည်အခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုမင်းညိုကိုတော့ မေလ ၁၂ ရက်နေ့မှာ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပါတယ်။