အမှု ရုံးချိန်းစောင့်နေချိန် ဖမ်းမိနွား ၉၀ ကျော် အစာခက်ခဲ


2016.09.28
cows-620.jpg ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက် ဘောလုံးကွင်းမှာ ထိန်းသိမ်းထားတဲ့ နွားတွေကို စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/ RFA

အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်ပွဲတော် ကာလက သိမ်းယူခဲ့တဲ့ နွားအကောင်ရေ ၉၀ ကျော်ကို ဘေးမဲ့ပေးဖို့ စီစဉ်ထားပေမယ့် လက်ရှိမှာ အဲဒီနွားတွေဟာ ရွှေပြည်သာမြို့နယ် တရားရုံးမှာ အမူရင်ဆိုင်နေရကြောင်း အဲဒီနွားတွေကို သိမ်းယူခဲ့တဲ့ မျိုးချစ်ရဟန်းသံဃာများအဖွဲ့က ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။

လက်ရှိမှာ အဲဒီနွားတွေကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်၈ ရပ်ကွက် ဘောလုံးကွင်းမှာ ထိန်းသိမ်းထားပြီး အဓိက တရားခံ ၃ ဦးကို ဖမ်းဆီးထားပြီး လူ ၃၂ ဦးကိုတော့ တရားခံ ဝရမ်းပြေးကြေညာ ထားတယ်လို့ ဆရာတော် ဦးပါမောက္ခ က အခုလို မိန့်ပါတယ်။

"အဲဒီ နွားတွေက တရားရုံးရောက်သွားပြီ။ တရားရုံးရောက်သွားတဲ့အခါကျတော့ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က တရားသူကြီးက ဒီနွားတွေကို ရဲတွေက ပြုစုစောင့်ရှောက်ခွင့်ရတယ်၊ တရားရေးရဲ့ အမိန့်ကို စောင့်နေရတယ်။ ဒီနွားတွေရဲ့ အဓိက တရားခံ ၃ ယောက်ကိုတော့ ဖမ်းထားပြီးတော့ ကျန်တဲ့ တရားခံ ၃၂ ယောက်ကိုတော့ ဝရမ်းပြေး ကြေညာထားပါတယ်။ လာမယ့် ၁၀ လပိုင်း ၁၁ ရက်နေ့ထိအောင် ရုံးချိန်းက စောင့်ရဦးမှာပါ ။ အဲဒီအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွဘက်က ဒီနွားတွေကို အသက်ဘေးကယ် ဆယ်အောင် စောင့်ရှောက်တဲ့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ အမြန်ဆုံး ချမှတ်ပေးမှသာ လျင် နွားတွေရဲ့ နေပူတို့၊ မိုးရွာတို့ အစားအစာပြည့်ဝမှုဟာ တရားရုံးရဲ့ အစီအစဉ်က အဓိကကျနေပါတယ်။"

လက်ရှိ ထိန်းသိမ်းထားတဲ့ နွားတွေဟာ စည်ပင်စည်းကမ်းနဲ့ အညီ သားသတ်ခွင့်လိုင်စင်မရှိတဲ့ အမျိုး အစားတွေဖြစ်ပြီး ခိုင်းနွား၊ နို့စားနွားမ၊ တောင်သူခွင်မှာ အသုံးတည့်တဲ့ နွားနဲ့ အသက် ၁၆ နှစ်အောက်ပဲ ရှိတဲ့ နွားတွေကို သတ်ဖြတ်ပိုင်ခွင့်မရှိကြောင်း ဥပဒေက ပြဌာန်းထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက် ဘောလုံးကွင်းမှာရှိတဲ့ နွားတွေရဲ့ လုံခြုံရေးကို ရွှေပြည်သာမြို့နယ် ရဲစခန်းက တာဝန်ယူထားရပြီး အဲဒီနွားတွေရဲ့ ကျွေးမွေးစရိတ်ဟာ တစ်နေ့ကို ၄ သိန်းနီးပါး ကျသင့်တယ်လို့ ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။ မူလက နွားအကောင်ရေ ၉၃ ကောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် ၃ ကောင် က သေဆုံးသွားပါတယ်။

အဲဒီနွားတွေကို ရွှေပြည်သာမြို့နယ် အမှတ် ၆ ခလရ ခြေလျင်တပ်ရင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းက တွေ့ခဲ့တာဖြစ်ပြီး ဒီအမှုမှာပါဝင်တဲ့ တပ်ကြပ် ကျော်စိုးကို စစ်ဥပဒေအရ အရေးယူထားပါတယ်။

ဒီနွား အကောင် ၉၀ ရဲ့ စားသောက်စရိတ်ဟာ အလှုရှင်တွေရဲ့ အကူအညီနဲ့ ရပ်တည်နေရတာဖြစ်ပြီး နွားတွေ အတွက် ကျွေးမွေးစရိတ်ဟာ မနက်ဖြန် တစ်ရက်သာ ကျန်ရှိတော့တယ်လို့ ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။